ကုလသမဂ္ဂ ပါဝင်ဖြေရှင်း ဖို့ KIO ပန်ကြား
2011.09.27

RFA
ဒီစာကို KIO အဖွဲ့ ဥက္ကဌ ဦးဇောင်းဟရားက လက်မှတ်ရေးထိုး ထားတာဖြစ်ပြီး၊ KIO အဖွဲ့ အနေနဲ့ ကုလသမဂ္ဂကို ပထမဆုံးအကြိမ် စာရေးသားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ စာမျက်နှာ ၅မျက်နှာပါ ဒီစာမှာ မြန်မာနိုင်ငံ လွတ်လပ်ရေးမရခင်က အခြေအနေများ၊ ပင်လုံညီလာခံ သဘောတူညီချက်များ အပြင် ခေတ်အဆက်ဆက် တိုင်းရင်းသားတွေ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေကို တင်ပြထားပါတယ်။ ဒီစာဟာ မြန်မာနိုင်ငံက ပကတိ အခြေအနေကို နိုင်ငံတကာက သိရှိအောင် တင်ပြရခြင်းဖြစ်တယ်လို့ KIO အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးလနန်းက ပြောပါတယ်။
တဆက်တည်း လွန်ခဲ့တဲ့ လေးရက်ကစပြီး ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်၊ တာမိုးညဲ၊ နမ္မတူ စတဲ့ မြိုနယ် တွေမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေမှာ ဒီကနေ့ မနက်ပိုင်းအထိ အစိုးရတပ်တွေက လက်နက်ကြီးတွေ ဆက်တိုက် ပစ်ပြီး ထိုးစစ်ရှိန်ကို မြှင့်တင်နေတယ်လို့ ဆိုပါတယ်။ မနေ့ကအထိ ရရှိတဲ့ အကျအဆုံး ထိခိုက်မှုကို ဦးလနန်းက ပြောပြပါတယ်။
“ထိခိုက်မှုကတော့ ကျနော်တို့ KIA မှာ ဗိုလ် တစ်ယောက် ကျတယ်။ နှစ်ယောက် ဒဏ်ရာ ရတယ်။ ဒါကနော်တို့ မနေ့က ရတဲ့ သတင်းပေါ့။ ကျနော်တို့ တပ်ရင်း ၈ ဘက်မှာတော့ ကျနော်တို့ ကချင်တပ်နဲ့ မဟာမိတ် SSA တပ်နဲ့ ပေါင်းပြီး စစ်ဆင်ရေး လုပ်တာရှိတယ်။ SSA မဟာမိတ်တပ်ဘက်က ရဲဘော် သုံး လေးယောက် ကျသွားတာရှိတယ်။ အစိုးရဘက်မှာတော့ ထိခိုက်ဒဏ်ရာရတာများတယ် ဒါပေမယ့် ဘယ်လောက် များတယ် ဆိုတာတော့ ကျနော်တို့ မသိပါဘူး”
တပ်မဟာ၄ တပ်ရင်း ၈ နယ်မြေတွေ ဖြစ်တဲ့ နမ္မတူနဲ့ နန့်ဆန် ဒေသတွေမှာ KIO တပ်တွေနဲ့ လက်တွဲပြီး SSA တပ်တွေ ပါဝင်တိုက်ခိုက်တယ်လို့ သိရပါတယ်။
လတ်တလောအနေနဲ့ တပ်မဟာ၄ တပ်ရင်း ၈၊ ၉ အပါအဝင် တပ်ရင်းတွေရဲ့ နောက်တန်း ရုံးတွေကို ဖျက်သိမ်းလိုက်ပြီး ပြောက်ကျားစနစ်နဲ့ ခုခံနေတယ်လို့ သိရပါတယ်။
KIO ဥက္ကဌက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးထံကို ပေးပို့တဲ့ စာနဲ့ပတ်သက်ပြီး KIO တွဲဖက်အတွင်းရေးမှူး ဦးလနန်းကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |