ကျောက်ကြီးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား နှစ်ဦးသေ၊ ကိုးဦးဒဏ်ရာရ
2024.04.24

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် (လယ်ဒိုမြို့နယ်) မှာ ဧပြီလ ၂၂ ရက်နဲ့ ၂၃ ရက်နေ့က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား နှစ်ဦးသေဆုံးပြီး ကိုးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဧပြီလ ၂၄ ရက်နေ့က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ခြောက်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သလို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် အသက် ၅၅ နှစ်အရွယ် ဒေါ်စန်းနဲ့ အသက် ၄၆ နှစ်အရွယ် ဒေါ်ကေသီထွန်းတို့ နှစ်ဦးသေဆုံးခဲ့တာလို့ KNU က ဖော်ပြထားပါတယ်။
တခြားဒေသခံ ကိုးဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် သုံးဦး ပါဝင်တယ်လို့ ရေးသားထားပါတယ်။
စစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခိုက်တာကြောင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ပြည်သူပိုင် အဆောက်အဦတွေလည်း မီးလောင်ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် အဲဒီနေ့မှာပဲ ပိန်းဇလုပ်မြို့ အခြေစိုက် ခလရ( ၂၆၄ )တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဘုရားကြီးရွာ၊ ဘောကထာရွာ၊ အင်ဗလာရွာနဲ့ သံဆိပ်ကြားရွာတွေပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
အခုလို စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းလက်ခံမဖြေဆိုပါဘူး။
RFA ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီ လ ၃၁ ရက်အထိ နိုင်ငံတစ်ဝန်းမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၁၄၂၉ ဦး သေဆုံးပြီး ၂၆၄၁ဦး ဒဏ်ရာရရှိခဲ့ပါတယ်။