မတရားလုယူခံရတဲ့ အခွင့်အရေးနဲ့ နိုင်ငံရေးစနစ်ကို တွန်းလှန်ဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း
မတရားလုယူခံထားရတဲ့ အခွင့်အရေးတွေနဲ့ နိုင်ငံရေးစနစ်ကို မမှိတ်မသုန် တွန်းလှန်တိုက်ဖျက်ကြဖို့ ကရင် အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး က ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂ မှာ ကျရောက်မယ့် ၂၇၆၁ ခုနှစ် ကရင့်အမျိုးသားဆိုင်ရာ နှစ်သစ်ကူးနေ့ သဝဏ်လွှာမှာ တိုက်တွန်းလိုက်ပါတယ်။
ရေးစွဲထား၊ ပြဌာန်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ မတူကွဲပြားတဲ့ တိုင်းရင်းသားနဲ့ အခြားလူမျိုးတွေကို အသိအမှတ်မပြုတဲ့အပြင် ပပျောက်အောင် အစဉ်တစိုက် လျှို့ဝှက်ကြံစည်နေတယ်လို့ ထည့်သွင်း ပြောပါ တယ်။
စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက် KNU က လုပ်ဆောင်နေတဲ့ ပြည်သူလူထု ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပျက်စီးသွားခဲ့ရကြောင်း၊ စစ်အာဏာရှင်တွေဟာ နိုင်ငံရေး ပြဿနာတွေ ကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလိုတဲ့စိတ် မရှိတဲ့ ကာလပတ်လုံး ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်လို့ရမှာ မဟုတ်ကြောင်း ပြောပါတယ်။
နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ပြည်သူလူထုနဲ့ မျိုးဆက်သစ်လူငယ်တွေဟာ လက်ရှိအခြေအနေတွေကို သဘောပေါက် လာတဲ့ အတွက် လက်နက်ကိုင် ခုခံတိုက်ပွဲဝင်လာနေကြတယ်လို့ ဖော်ပြထားပြီး ကရင်အမျိုးသား ဘဝ အနာဂတ် လှပဖို့နဲ့ ဂုဏ်အင်္ဂါလက္ခဏာရပ်တွေကို တိုက်ခိုက်ဖျက်ဆီးမယ့် ဘယ်လို ရန်သူမျိုးကိုမဆို ခုခံ တွန်းလှန်သွားကြဖို့ တိုက်တွန်းပါတယ်။
KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဟာ နိုင်ငံရေး ပြဿနာကို လက်နက်ကိုင်နည်းလမ်းနဲ့ ဖြေရှင်းလို့ မရကြောင်း တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ အဖြေရှာဖို့လိုအပ်ကြောင်း မေလ ၁၀ ရက်နေ့က စာထုတ်ပြန်ခဲ့တဲ့ အတွက် KNU အတွင်း သဘောထားကွဲလွဲမှုတွေ ရှိခဲ့ပါတယ်။
KNU ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ဖြစ်ပေမယ့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းစစ်ကောင်စီနဲ့ တိုက်ပွဲပေါင်း ၉၀ ကျော်ဖြစ်ခဲ့ပြီး ဒီနေ့အချိန်အထိ KNU ထိန်းချုပ်နယ်မြေတစ်ဝိုက်မှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေပါတယ်။