အဖွဲ့အစည်းအားလုံး ငြိမ်းချမ်းရေး မှာ ပါစေလိုကြောင်း မြန်မာ စစ်တပ် အကြီးအကဲ ပြောကြား
2014.06.04

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးရရှိဖို့အတွက် ကြိုးစားရာမှာ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မကျန်ခဲ့စေလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး ကေအဲန် ယူခေါင်းဆောင်တွေနဲ့ နေပြည်တော်မှာ ဒီနေ့ တွေ့ဆုံ စဉ် မြန်မာစစ်တပ်အကြီးအကဲက အခုလို ပြောကြားခဲ့ တာလို့ ကေအဲန်ယူ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဝင် ပဒို မန်းငြိမ်းမောင်က ပြောပါတယ်။
"ကျနော်တို့နိုင်ငံမှာ ဒီမိုကရေစီဖော်ဆောင်ရေးမှာ အဓိကကျတဲ့ အခြေခံအယူအဆ ၃ ရပ်ဖြစ်တဲ့ တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွှတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ဖို့ တညီတညွှတ်တည်း လိုက်ပါလုပ်ဆောင်မယ်ဆိုတာကို သူကပြောကြားပါတယ်၊ တည်ငြိမ်ရေးကို တပ်မတော်အနေနဲ့ ဆောင်ရွက်နေ သလို ဖွံ့ဖြိုးတိုးတက်ရေးမှာလည်း တပ်မတော်က စွမ်းအားတွေရှိသမျှ ပူးပေါင်းဆောင်ရွက်သွားမည် လို့ ပြောကြားပါတယ်၊ ဒီငြိမ်ချမ်းရေးရဖို့ ဘယ်သူတစ်ဦးတစ်ယောက်မှ ကျန်ရှိတာမျိုး မဖြစ်စေချင်ဘူးဆိုတဲ့ တပ်မတော်ရဲ့ သဘောထားကိုလည်း ဖော်ပြပါတယ်"
ဒီနေ့ တွေ့ဆုံပွဲကို ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်မူတူးစေးဖောနဲ့အတူ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေ တက်ရောက်ခဲ့ပါတယ်။ အခုလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ကေအဲန်ယူ ခေါင်းဆောင်တွေ တွေ့ဆုံတာဟာ ဒီနေ့ ဒီတစ်ကြိမ်နဲ့ဆိုရင် ၆ ကြိမ်ရှိပြီလို့ သိရပါတယ်။
ဒီနေ့ ညနေပိုင်းမှာ ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး ခေါင်းဆောင်တွေဟာ သမ္မတ ဦးသိန်းစိန်နဲ့ လည်း တေ့ွဆုံခဲ့ပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA အဖွဲ့သူ မခင်ခင်အိက ပဒိုမန်းငြိမ်းမောင်နဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက အထူးအကြံပေး ဦးလှမောင်ရွှေတို့ကို ဆက်သွယ်မေးမြန်း တင်ပြထားတာကိုလည်း တဆက်ထဲ နားဆင်နိုင်ပါတယ်။
ပဒိုမန်းငြိမ်းမောင်နဲ့ ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါပြီ။
ဦးလှမောင်ရွှေနဲ့ ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါပြီ။