တပ်တွေ ပြန်ရုပ်သိမ်းဖို့ စစ်ကောင်စီကို KNU တိုက်တွန်း

2021.12.21
တပ်တွေ ပြန်ရုပ်သိမ်းဖို့ စစ်ကောင်စီကို KNU တိုက်တွန်း ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်ဖွဲ့ဝင်တွေကို ၂၀၁၉ ဇန်နဝါရီ ၃၁ ရက်နေ့က တွေ့ရစဉ်
Photo: AFP

စစ်ကောင်စီအနေနဲ့ တိုက်ပွဲဖြစ်နေတဲ့ ဒေသက တပ်တွေပြန်ရုပ်ပြီး ကျဆင်းနေတဲ့ ဂုဏ်သိက္ခာကို ပြန်ထိန်း သိမ်းဖို့ ကရင်အမျိုးသား အစည်းအရုံး (KNU) က ထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂအနေနဲ့ လေကြောင်းပျံသန်းမှု ကင်းမဲ့ဇုန် သတ်မှတ်ပေးဖို့၊ နိုင်ငံတကာနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံအနေနဲ့ စစ်ဘေးရှောင်တွေကို ဆက်ကူညီပေးဖို့ကိုလည်း KNU က တောင်းဆိုထားပါတယ်။

မြဝတီမြို့နယ်ထဲ စစ်ကောင်စီနဲ့ KNLA/KNDO၊ PDF အဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေရာ စစ်ဘေးရှောင်နေရသူ တစ်သောင်းလောက်ရှိလာပြီး ထိုင်းနိုင်ငံထဲ တိမ်းရှောင်နေကြရသလို စစ်ကောင်စီဘက်က လေကြောင်းကနေလည်း တိုက်ခိုက်လာနိုင်တဲ့အတွက် ဒီကြေညာချက်မှာ ထည့်သွင်းထားတာပါ။

ဒီဇင်ဘာ ၁၅ ရက်ကစလို့ မြဝတီမြို့နယ်ထဲမှာ တိုက်ပွဲတွေ နေ့တိုင်းဖြစ်နေပြီး စစ်ကောင်စီတပ်တွေက KNU နယ်မြေထဲမှာ လာရောက်တိမ်းရှောင်သူတွေကို ဖမ်းဆီးတာ၊ နေအိမ်တွေ ဖျက်ဆီးတာ၊ အကြမ်းဖက်တိုက်ခိုက် လာတဲ့အတွက် ပြန်ခုခံရတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မြဝတီမြို့နယ်မှာ ၅ ရက်တာအတွင်း တိုက်ပွဲပေါင်း ၁၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးသူ ၆၀ နဲ့ KNLA/KNDO တို့ဘက်က သေဆုံးသူ နှစ်ယောက်၊ ဒဏ်ရာရသူ ၁၂ ယောက် ရှိခဲ့တယ်လို့ KNLA ဘက် တိုက်ပွဲထဲမှာ ပါဝင်ခဲ့တဲ့သူတစ်ယောက်က ပြောပါတယ်။

ဒါပေမဲ့လည်း စစ်ကောင်စီရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ထိခိုက်ဒဏ်ရာရတဲ့ စစ်သားတွေပဲရှိခဲ့တယ်လို့ RFA ကို မနေ့က ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။