အာဏာရှင်စနစ်ကိုဆန့်ကျင်တဲ့ ဘယ်အဖွဲ့နဲ့ မဆို ပူးပေါင်းတော်လှန်မယ်လို့ KNU ထုတ်ပြန်

အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဘယ်အဖွဲ့အစည်းနဲ့မဆို လက်တွဲပြီး အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန် သွားမယ်လို့ KNU ကရင်အမျိုးသားအစည်းအရုံးက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
KNU ရဲ့ လက်ရှိနိုင်ငံရေးအခြေအနေအပေါ် မူတည်ပြီး စက်တင်ဘာ ၃ ရက် မနေ့ကရက်စွဲနဲ့ ကရင်၊ အင်္ဂလိပ်နဲ့ မြန်မာဘာသာ သုံးမျိုးတို့ ထုတ်ပြန်ထားတဲ့ အဲဒီကြေညာချက်ကို KNU ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
နှစ်ရှည်ဖြစ်ပွားနေတဲ့ပြည်တွင်းစစ်ရဲ့မူလဇစ်မြစ်ကို ဖြေရှင်းရန် ၊ ငြိမ်းချမ်းရေးနဲ့ တိုင်းပြည်အေးချမ်းရေး ရဖို့ နည်းလမ်းတွေ ဆက်လက်ရှာဖွေသွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ပြည်သူတွေဘက်က တရားမျှတမှုနဲ့ လွတ်လပ်မှုတို့ကို တတ်နိုင်သလောက် ကူညီထောက်ခံပေးကြဖို့လည်း ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။
စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ပျက်ပြယ်သွားပြီလို့လည်း (KNU) ဒု-ဥက္ကဋ္ဌဟောင်း နော်စီဖိုးရာစိန် ဦးဆောင်တဲ့ KNU Concerned Group ကလည်း စက်တင်ဘာလ ၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လအတွင်း ကရင်ပြည်နယ်ထဲမှာ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ (၅) ထိန်းချုပ်တဲ့ ဖာပွန်ခရိုင်မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပေါင်း ၁၃၀ ဖြစ်ပွားခဲ့တယ်လို့ KNLA က သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က သေဆုံးသူ ၁၁၈ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၆၈ ဦးအထိ ရှိခဲ့ပေမယ့် KNLA ဘက်ကတော့ သေဆုံးတာမရှိဘဲ ထိခိုက်ဒဏ်ရာရတဲ့ တပ်သား ငါးဦးသာရှိခဲ့တယ်လို့ ထုတ်ပြန် ထားပါတယ်။
မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကနေ အကာအကွယ်ယူလိုတဲ့ သူမှန်သမျှကို တက်နိုင်တဲ့ဘက်က ကူညီပေးသွားမယ်လို့လည်း KNU ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။