လိပ်ကျွန်းလူသတ်မှု စုံစမ်းစစ်ဆေးချက် အစီရင်ခံစာ တင်သွင်း


2014.10.07
koh-tao-myanmar-305.jpg ထိုင်းနိုင်ငံ ခိုထောင်းကျွန်း (ခေါ်) လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံ သား ၂ ဦးကို သတ်မှုနဲ့ ထိုင်းရဲကဖမ်းဆီးထားတဲ့ မြန်မာနှစ်ဦး ကို တွေ့ရစဉ်
Photo: BangKok Post

ထိုင်းနိုင်ငံ ခိုထောင်းကျွန်း (ခေါ်) လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးချက် အစီရင်ခံစာကို ဆမွေမြို့နယ် တရားစီရင်ရေး ရဲအထူးတပ်ဖွဲ့ရုံးကို ထိုင်းရဲတပ်ဖွဲ့က ဒီကနေ့မှာ တင်သွင်းလိုက်ပါတယ်။

စာမျက်နှာ ၈၅ဝ ပါရှိတဲ့ ဒီစုံစမ်းစစ်ဆေးချက် အစီရင်ခံ စာမှာ မြန်မာနိုင်ငံသား ၂ ဦးဖြစ်တဲ့ အသက် ၂၁ နှစ် အရွယ် ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို သေစေ လိုတဲ့ရည်ရွယ်ချက်ဖြင့် ကြိုတင်ကြံစည်လူသတ်မှု၊ မုဒိမ်းမှု၊ ပစ္စည်းခိုးယူမှုနဲ့ ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှုတို့နဲ့ ဖမ်းဆီးအပြစ်ပေးဖို့ အကြံပြုတိုက်တွန်း ထားပါတယ်။

ဒီအစီရင်ခံစာနဲ့ ဆက်စပ်သက်သေအထောက် အထားတွေကို ဆမွေမြို့နယ် တရားစီရင်ရေးအဖွဲ့ရုံးကို အမှုစုံစမ်းစစ်ဆေးရေး အကြီးအကဲဖြစ်တဲ့ အမှတ် ၈ ခရိုင်ရဲတပ်ဖွဲ့ ဒုရဲချုပ် Paween Pongsirin နဲ့ ဆူရပ်သနီ ရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ ရဲမှူး Pornsak Nuannu တို့က ကိုယ်တိုင်ပေးအပ်ခဲ့ပါတယ်။

မြန်မာကောင်စစ်ဝန်အရာရှိ ဦးဆောင်တဲ့အဖွဲ့က မြန်မာနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ ထိုင်းနိုင်ငံ ကမော့စမွီ အကျဉ်းထောင်ကို မနေ့က သွားရောက်တွေ့ဆုံစဉ်ရာမှာ သူတို့ကို ထိုင်းရဲက ရိုက်နှက်စစ်ဆေးခဲ့တာကြောင့် လူသတ်မှုကျူးလွန်ကြောင်း ဝန်ခံထွက်ဆိုခဲ့ရတယ်လို့ မြန်မာအလုပ်သမားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ဝင် ရှေ့နေက ပြောကြားခဲ့ပါတယ်။

ထိုင်းအာဏာသိမ်း စစ်အစိုးရဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာရဲ့ မြန်မာပြည် ခရီးစဉ်အတွင်း လူသတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၂ ဦးကိစ္စကို မျှမျှတတလုပ်ဆောင်ပေးဖို့  သမ္မတ ဦးသိန်းစိန် က ဆွေးနွေးသွားမယ့်အကြောင်း နေပြည်တော်သမ္မတရုံးက ပြောကြားထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ သမ္မတဦးသိန်းစိန်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဒီအတောအတွင်း ဗြိတိန်နိုင်ငံသားနှစ်ဦးကို သတ်မှုနဲ့ ဖမ်းဆီးခံနေရတဲ့ ဒီမြန်မာနိုင်ငံသားတွေကို  မြန်မာ သံရုံး ကောင်စစ်အရာရှိ ဦးထွန်းအေး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က  မနေ့က သူတို့ကိုဖမ်းဆီးထား တဲ့ ကော့စမွီးအကျဉ်းထောင်မှာ သွားရောက်တွေ့ဆုံခဲ့သလို  ဒီကနေ့လည်း  အခင်းဖြစ်ပွားရာ ခိုထောင်းကျွန်းကို သွားရောက်လေ့လာခဲ့ပါတယ်။ ဒီကိုယ်စားလှယ်အဖွဲ့ဟာ အဲဒီမှာရှိနေတဲ့ မြန်မာအလုပ်သမားတချို့ နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။  အခြေအနေအကြောင်းစုံကို မြန်မာကောင်စစ်အရာရှိ ဦးထွန်းအေးကို ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။