မြန်မာလူငယ်နှစ်ဦးအမှု မိမိတို့ဘက်က ၇၀ ရာခိုင်နှုန်း သေချာကြောင်း သံအမတ်ကြီး ပြော


2014.12.06
koh-tao-305.jpg ထိုင်းနိုင်ငံမှာ လူသတ်မှုနဲ့ စွပ်စွဲခံရတဲ့ မြန်မာနှစ်ဦး ကို တွေ့ရစဉ်
Photo: EPA

ထိုင်းနိုင်ငံ ခိုထောင်းကျွန်း လူသတ်မှုမှာ စွပ်စွဲဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ်နှစ်ဦးအတွက် အမှုမှန်ပေါ်ပေါက်ရေး ကြိုးပမ်းနေရာမှာ မိမိတို့ဘက်က အသာစီးရရှိဖို့ ၇၀ ရာခိုင်နှုန်း မျှော်လင့်ထားတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ပြောကြား လိုက်ပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ ထိုင်းရှေ့နေများကောင်းစီအပြင် ဗြိတိန်အစိုးရ၊ ထိုင်းအစိုးရတို့နဲ့ပါ ပူးပေါင်းဆောင် ရွက်နေတယ်လို့ သံအမတ်ကြီး ဦးဝင်မောင်က RFA ကို ဒီကနေ့ ပြောကြားလိုက်တာပါ။

"ကျနော်တို့က ၇ဝ ရာခိုင်နှုန်းကတော့ ကိုယ့်ဖက်က ရှိနေပါတယ်၊ ကျနော်တို့ဖက်က လုပ်စရာရှိတာတော့ လုပ်ထားပါပြီ၊ တချို့ဟာတွေ ပြောလို့မရလို့ မပြော တာပေါ့နော်၊ ကျနော်တို့ဖက်က ခိုင်လုံတဲ့ သက်သေတွေ ရှာထားပြီးသားရှိပါတယ်၊ ပြန်ချေပ ဖို့ ရှေ့နေများကောင်စီနဲ့ ညှိနှိုင်းရှာဖွေထားပြီးဖြစ်တယ်၊ တချို့အချက်အလက်တွေကတော့ ကျနော်တို့က တရား ခွင်မှာ ချေပရမယ့်အချက်တွေ ဖြစ်တဲ့အတွက် ပြောလို့မရတာတွေ ရှိနေပါတယ်၊ အားလုံးက အဖြစ်မှန်ပေါ်ပေါက်အောင်လို့ ထိုင်း၊ မြန်မာ၊ ဗြိတိန်ရယ် ပူးပေါင်းပြီးတော့ ဆောင်ရွက်နေပါတယ်"

ထိုင်းနိုင်ငံမှာ သတ်ဖြတ်ခံခဲ့ရတဲ့ ဗြိတိန်နိုင်ငံသား နှစ်ဦးရဲ့ မိသားစုတွေက လက်ရှိဖမ်းဆီးထားတဲ့  မြန်မာနိုင်ငံ သား နှစ်ဦးက ပြစ်မှုကျူးလွန်ခဲ့ကြောင်း အထောက်အထားတွေ ခိုင်လုံနေတယ်လို့ မနေ့က ထုတ်ဖော်ပြောကြား လိုက်ပါတယ်။  ဒီအမှုအတွက် ထိုင်းနိုင်ငံကို သွားရောက်စုံစမ်းခဲ့တဲ့ စကော့တလန်ယာ့ဒ် ခေါ် ဗြိတိန်စုံထောက် ရဲတပ်ဖွဲ့ထံက မိသားစုတွေကို သူတို့ရဲ့ရှာဖွေတွေ့ရှိချက်တွေကို ပေးအပ်ခဲ့ပြီးတဲ့နောက် အခုလို ပြောကြား လိုက်တာပါ။

အဲဒီ့သက်သေအထောက်အထားတွေအရ စက်တင်ဘာလက ဖြစ်ပွားခဲ့တဲ့ အဲဒီလူသတ်မှုကို မြန်မာနိုင်ငံသား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ ကျူးလွန်ခဲ့ကြောင်း ပေါ်လွင်ထင်ရှားပါတယ်လို့ မိသားစုဝင်တွေ က သောကြာနေ့က ပြောပါတယ်။ ဒါပေမယ့် မိသားစုဝင်တစ်ဦးကတော့ နှစ်ဖက်သက်သေထွက်ချက်တွေ ကို စောင့်ကြည့်လေ့လာသင့်ကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံသား ၂ ဦးကတော့ အဲဒီ လူသတ်မှုကို သူတို့ ကျူးလွန်ခဲ့ခြင်းမရှိကြောင်းနဲ့ ထိုင်းရဲတွေက ညင်းပန်းနှိပ်စက်ပြီး အဓမ္မဝန်ခံခိုင်းခဲ့ကြောင်း ပြောဆိုထားပါတယ်။   ဒီအမှုကို လာမယ့်တနင်္လာနေ့ကျရင် ထိုင်းနိုင်ငံတရားရုံးမှာ စတင်ကြားနာစစ်ဆေးတော့မှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။