ပြစ်ဒဏ်အတွက် အာမခံငွေ မသွင်းဘဲ ကိုထင်ကျော်အဖမ်းခံ
2013.05.23

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် တရားရုံးမှာ ဒီကနေ့ အမှုရင်ဆိုင်ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုထင်ကျော်အပါအဝင် ၃ ဦးကို မြို့နယ်တရားရုံးက အာမခံကြေး ၅ သိန်းပေးဖို့ အမိန့်ချမှတ်ရာမှာ ကိုထင်ကျော်တို့က အာမခံကြေးပေး ဖို့ ငြင်းဆိုပြီး အဖမ်းခံလိုက်ပါတယ်။
မြောက်ဥက္ကလာပမြို့နယ် တရားရုံးကနေ အင်းစိန်အကျဉ်းထောင်ကို ပို့ဆောင်မယ့် အချုပ်ကားပေါ်ကနေ ကိုထင်ကျော်က အခုလို ကြွေးကြော်ခဲ့ပါတယ်။
"ပြည်သူတွေအတွက် အာဏာရှင်အကြွင်းအကျန် ကို မြေလှန်ပစ်မယ်၊ ပြည်သူတွေ မကြောက်ကျနဲ့၊ အမှန်တရားကို ဖော်ထုတ်ကြ၊ နောက်ကြောင်းပြန်တဲ့စနစ်တွေကို ဖြိုဖျက်ကြ၊ ပြည်သူ့ဘက်ကရပ်တည်တဲ့ ဝန်ထမ်းတွေကို ထောက်ခံကြ"
မရမ်းကုန်းမြို့နယ် ၆ ရပ်ကွက်မှာ အိမ်ခြေ ၃၀၀ လောက်ရှိခဲ့တဲ့ မြေနေရာတွေကို သိမ်းယူခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလ ၇ ရက်နေ့မှာ ကိုထင်ကျော် အပါအဝင် ၃ ဦးက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာမှာ မြေနေရာတွေကို လေလံစနစ်နဲ့ ဝယ်ယူခဲ့တဲ့ နန်းထိုက်တော်ဝင် စားသောက်ဆိုင်ပိုင်ရှင် ဦးအိုက်လင်းက ကိုထင်ကျော်ကို မြောက်ဥက္ကလာပမြို့နယ် တရားရုံးမှာ အသရေဖျက်မှုနဲ့ တရားစွဲဆိုထားတာပါ။
ဒီနေ့တရားရုံးချိန်းမှာ ကိုထင်ကျော်၊ ဦးလူအေးနဲ့ မစိန်အေးတို့ ၃ ဦးကို တရားရုံးက အာမခံငွေ ၅ သိန်းပေးဆောင်ပြီး အမှုကိုဆက်လက်ရင်ဆိုင်ဖို့ ပြောခဲ့ပေမယ့် သူတို့ကလက်မခံပဲ အဖမ်းခံခဲ့တာဖြစ်ပါတယ်။ ကိုထင်ကျော်တို့အမှှုကို လာမယ့် မေလ ၃၀ ရက်နေ့မှာ ထပ်မံချိန်းဆိုလိုက်တယ်လို့ သိရပါတယ်။