ရန်ကုန်မှာ တကိုယ်တော်ဆန္ဒပြ
2013.05.22

ကုန်ဈေးနှုန်း ကျဆင်းရေး လှုပ်ရှားခဲ့သူ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုထင်ကျော်ဟာ ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်မှာ ခွင့်ပြုချက်ယူပြီး ဒီကနေ့တကိုယ်တော် ဆန္ဒပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့က ကမာရွတ်မြို့နယ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ယာဉ်ထိန်းရဲတစ်ဦးကို ဗိုလ်ချုပ်မှူးကြီးဟောင်းရဲ့မြေးက ပါးရိုက်ခဲ့တဲ့ကိစ္စ၊ မရမ်းကုန်း ၆ ရပ်ကွက်မှာ နေထိုင်သူတွေရဲ့မြေကို ထိုက်သင့်တဲ့ နစ်နာကြေးမပေးပဲဖယ်ရှားပြီး လေလံ တင်ရောင်းချခဲ့တဲ့ကိစ္စတွေကို အဓိကထား ဆန္ဒထုတ်ဖော်ခဲ့တာလို့ သိရပါတယ်။
နိုင်ငံရေးစနစ် ပြောင်းလဲသွားပြီဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့နစ်နာချက်တွေကို အကြောက်တရားကင်းကင်းနဲ့ တရားဥပဒေ၊ နည်းဥပဒေတွေအတိုင်း လိုက်နာဆောင်ရွက်ဖို့လိုတယ်လို့ ကိုထင်ကျော်က ပြောပါတယ်။
"ဒီမိုကရေစီဆိုတာ သတင်းစာကထုတ်နေရုံနဲ့ ပါးစပ်ကရွတ်ရုံနဲ့ ရတာမဟုတ်ဘူး၊ ဒီမိုကရေစီဆိုတာ လူတို့ကျင့်သုံးရမှာ အကြောက်တရားတွေ ကင်းဝေးရမယ်၊ အမှန်တရားကို ဖော်ထုတ်ရမယ်၊ စနစ်ပြောင်းသွားပြီ၊ အာဏာရှင်စနစ် မဟုတ်တော့ဘူး၊ လူတစ်ဦးချင်းဆီရဲ့ ဆန္ဒတွေ၊ လူတစ်ဦးချင်းဆီရဲ့ ရပိုင်ခွင့်တွေ အဲဒါတွေကို ပြည်သူကိုယ်တိုင် စနစ်တကျနဲ့ တရားနည်းလမ်း မှန်ကန်စွာနဲ့ တောင်းဆိုရတယ်"
ဒီဆန္ဒထုတ်ဖော်မှုဟာ မြောက်ဥက္ကလာပမြို့နယ် ရဲစခန်းက တရားဝင်ခွင့်ပြုချက်နဲ့ မြောက်ဥက္ကလာပ အဝိုင်းကနေ ခေမာသီလမ်းအတိုင်း ကန်သာယာလမ်းဆုံအထိ လမ်းလျောက်ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။