ဦးကိုနီ လုပ်ကြံခံရမှု တရားလိုကို စစ်ဆေး


2017.06.30
koni-murder-court-620.jpg ရှေ့နေဦးကိုနီ လုပ်ကြံခဲ့သူတွေကို ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးမှာ ဇွန်လ ၃ဝ ရက်နေ့က ရုံးထုတ်ပြီးနောက်တွေ့ရစဉ်
Photo: Kaung Htet Kyaw/RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေးဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုနဲ့ ပတ်သက် ပြီး လူသတ်မှုကို ဒီကနေ့ အင်းစိန်မြို့နယ်က ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးမှာ စတင်စစ်ဆေးပါတယ်။

ဒီကနေ့ရုံးချိန်းမှာ ဦးကိုနီ လုပ်ကြံခံရစဉ်က လေဆိပ်မှာ တာဝန်ကျခဲ့တဲ့ တရားလို ရဲအုပ်မိုးနိုင်ကို စစ်ဆေးခဲ့တယ် လို့ မြာက်ပိုင်းခရိုင်တရားရုံးက ဒုတိယ ခရိုင်တရားသူကြီးဖြစ်တဲ့ ပြန်ကြားရေးအရာရှိ ဦးရဲလွင်က ပြောပါတယ်။

"ဒီနေ့မှာ ကျနော်တို့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး ရာဇသတ်ကြီးပုဒ်မ ၄၅/၂ဝ၁၇ တရားလို ရဲအုပ်မိုးနိုင်နဲ့ တရားခံ ကြည်လင်း ခေါ် ဖူးထူး ရားဇသတ်ကြီးပုဒ်မ ၃ဝ၁/၃၄/၂၁၂ အမှုကနေပြီးတော့ တရားလို ရဲအုပ်မိုးနိုင်ကို စတင်စစ်ဆေးပါတယ်"

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး အရင်ရုံးချိန်းတွေမှာ တရားခံပြေးအမှုနဲ့ လက်နက် မှုတွေကို စစ်ဆေးခဲ့ပြီး ဒီကနေ့ရုံးချိန်းမှာမှ လူသတ်မှုကို စတင်စစ်ဆေးတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ကို ကြည်လင်းဆိုသူက အနီးကပ် သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခဲ့တာဖြစ်ပါတယ်။အဲဒီ လုပ်ကြံမှုကြောင့် ဦးကိုနီ နေရာမှာ တင် သေဆုံးခဲ့ပြီး ကြည်လင်းကို လိုက်လံဖမ်းဆီးရာမှာ ပါဝင်တဲ့ အငှားယာဉ်မောင်း ဦးနေဝင်းလည်း သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးခဲ့ရပါတယ်။

အဲဒီအမှုနဲ့ပတ်သက်ပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ ကြည်လင်းနဲ့အတူ အောင်ဝင်းထွန်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး တို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး လူသတ်မှု၊ အားပေးကူညီမှု၊ လက်နက်မှုတွေနဲ့ တရားစွဲဆိုထားပါတယ်။

ဦိးကိုနီကို လုပ်ကြံမှုမှာ အဓိက ပါဝင်ပတ်သက်သူလို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားတဲ့ အောင်ဝင်းခိုင် ကိုတော့ လက်ရှိအချိန်အထိ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။

နောက်ထပ်ရုံးချိန်းကိုတော့ လာမယ့် ဇူလိုင်လ ၇ ရက်နေ့မှာ ထပ်မံ ချိန်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။