ကိုရီးယား အီလန် အထည်ချုပ်စက်ရုံမှာ လုပ်သား ၆၀၀ ကျော် ဆန္ဒပြ
2013.11.20

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် ရွှေပြည်သာစက်မှုဇုန် ၂ မှာရှိတဲ့ တောင်ကိုရီးယားနိုင်ငံသားပိုင် အီလန်မြန်မာ အထည်ချုပ်စက်ရုံက အလုပ်သမား ၆၀၀ ကျော်ဟာ အခြေခံလစာတိုးမြှင့်ပေးဖို့အတွက် စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့်လှစ် ဆန္ဒပြနေကြပါတယ်။
ဒီကနေ့ အလုပ်ရှင်နဲ့ အလုပ်သမား ကိုယ်စားလှယ်တွေ ရွှေပြည်သာမြို့နယ် ဖြန်ဖြေရေးရုံးမှာ သွားရောက်ညှိနှိုင်းခဲ့ပေမယ့် ပြေလည်မှုမရရှိခဲ့ဘူးလို့ အလုပ်ထုတ်ခံထားရတဲ့ စက်ရုံအလုပ်သမားသမဂ္ဂ ဥက္ကဌ ကိုမျိုးမင်းမင်းက RFA ကို ပြောပါတယ်။
“ကျနော်တို့က ဒီကိစ္စတောင်းဆိုတဲ့ဟာကို လူကြီးတွေအနေနဲ့ ထိထိရောက်ရောက် ကို ဖြေရှင်းပေးစေချင်တယ်၊ အလုပ်သမားတွေ ရက်ကြာနေတဲ့အတွက်၊ သူတို့ကတော့ ကျနော်တို့ဘက်က တောင်းဆိုတဲ့ဟာကို လုံးဝမလိုက်ရောနိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ”
အီလန်မြန်မာ အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၁၀၀၀ နီးပါးလောက်ရှိပြီး အခြေခံလုပ်ခလစာ ၃ သောင်းကျော်ပဲရတာကြောင့် နောက်ထပ် ကျပ် ၃ သောင်းတိုးမြှင့်ပေး ဖို့ တောင်းဆိုနေကြတာပါ။
ပြီးခဲ့တဲ့သတင်းပတ် နိုဝင်ဘာလ ၁၂ ရက်နေ့ကလည်း အလားတူဆန္ဒပြကြရာမှာ စက်ရုံအုပ်ချုပ်ရေးက နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ညှိနှိုင်းပေးမယ်ဆိုပြီး ပြောခဲ့တာကြောင့် ဆန္ဒပြပွဲကိုရုတ်သိမ်းခဲ့ပါတယ်။
နိုဝင်ဘာလ ၁၈ရက်နေ့ ညနေပိုင်းမှာတော့ စက်ရုံမန်နေဂျာက ဆန္ဒပြရာမှာပါဝင်ခဲ့တဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ က ခေါင်းဆောင် ၆ ယောက်ကို အလုပ်ထုတ်လိုက်တယ်ဆိုပြီး အသိပေးပြောကြားခဲ့တယ်လို့ သိရပါတယ်။
အလုပ်ရှင်ဘက်က မညှိနှိုင်းပေးဘဲ အလုပ်ထုတ်လိုက်တာကြောင့် အလုပ်သမား ၆၀၀ ကျော်ဟာ ၁၈ ရက်နေ့ကတည်းက စက်ရုံအပြင်မှာ ဆန္ဒပြခဲ့ကြပြီး မနေ့ညပိုင်းကစလို့ သပိတ်စခန်းဖွင့်ခဲ့တာပါ။
အလုပ်သမားတွေရဲ့ တောင်းဆိုချက် ၁၂ချက်ထဲက ၁၀ချက်ကို အလုပ်ရှင်ကလိုက်လျောခဲ့ပေမဲ့ အခြေခံလစာ ၃ သောင်း တိုးပေးဖို့နဲ့ ဆုကြေးငွေ တစ်နှစ်ကို ၄ ကြိမ်ပေးဖို့ဆိုတဲ့ အချက် ၂ ချက်ကိုတော့ လိုက်လျောမပေးဘူး လို့ ပြောပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုကျော်ထွန်းနိုင် သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။