ကျိုက်ထိုမြို့မှာ ရေလွှမ်းမိုးမှုဖြစ်
2017.07.21

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ မနေ့ညက ရွာခဲ့တဲ့မိုးကြောင့် ရပ်ကွက် ၄ခုနဲ့ ကျေးရွာနှစ်ရွာ ရေနစ်မြုပ်ခဲ့ပြီး လူဦးရေ ၃၀၀၀ နီးပါးကို ရေဘေးလွတ်ရာ ကယ်ဆယ်ရေးစခန်းတွေမှာ ဒီနေ့ ပြောင်းရွေ့ပေးထားတယ်လို့ ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြောပါတယ်။
ကျိုက်ထိုမြို့ပေါ်မှာ ကယ်ဆယ်ရေး စခန်း ၆ ခု ဖွင့်ထားပေးပြီး ရေဘေးရှောင်လာသူတွေကို အစားအသောက်တွေ နဲ့ လိုအပ်တာတွေကို ကူညီဆောင်ရွက်ပေးနေတယ် ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန် ကျ တာဝန်မှူး မစုခိုင်ဇာကပြောပါတယ်။
"သူတို့ကို အကုန်လုံးအဆင်ပြေအောင် လုပ်ထားပေးတယ်၊ ကယ်ဆယ်ရေးစခန်း ဖွင့်ထားပေးတယ်၊ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း ပေးထားပေးတယ်။ အစားအသောက်တွေလည်း ထောက်ပံ့ပေး တယ်၊ အခုက အရင်က ရွာထားတဲ့ရေတွေရယ်၊ တောင်ကျရေတွေရယ်၊ ချောင်းတွေ မြောင်းတွေက လျှံတဲ့ရေတွေရယ် အဲ့လိုမျိုးဖြစ်တာ"
ကျိုက်ထိုမြို့နယ်က အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ဇေယျာမွန်၊ တောင်သူစု၊ကော့စံနိုင်၊ မြောက်ပိုင်း စတဲ့ ရပ်ကွက် ၄ ခုနဲ့ ဖက္ကလိပ်ကျေးရွာ၊မုပ္ပလင် ကျေးရွာတို့မှာ ရေနစ်မြုပ်နေတာဖြစ်ပါတယ်။
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန (မွန်ပြည်နယ်)က ရေဘေးရှောင်လာသူတစ်ဦးကို တစ်ပတ်စာ ငွေကျပ် ၂၁၀၀ နှုန်းနဲ့ ကျပ် ၅၉ သိန်း ဒီနေ့ ထောက်ပံ့ပေးခဲ့တယ်လို့ ပြည်နယ်မှူး ဦးသောင်းရွှေ ကပြောပါတယ်။
စစ်ကိုင်း၊ မကွေး၊ ပဲခူးနဲ့ ကရင်စတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာလည်း မြစ်ရေမြင့်တက်တာကြောင့် ဇူလိုင် ၁၉ ရက်နေ့အထိ ရေဘေးဒုက္ခသည် ၈၂ဝဝဝ ကျော်အထိ ရှိလာတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန် လည်နေရာချထားရေး ဦးစီးဌာနကနေ သိရပါတယ်။