ကျောက်ကြီးမှာ လက်နက်ကြီးထိမှန်လို့ အရပ်သားတစ်ဦး သေဆုံး၊ သုံးဦး ဒဏ်ရာရ

RFA Burmese
2024.05.07
ကျောက်ကြီးမှာ လက်နက်ကြီးထိမှန်လို့ အရပ်သားတစ်ဦး သေဆုံး၊ သုံးဦး ဒဏ်ရာရ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် (လယ်ဒိုမြို့နယ်) တွင် စစ်ကောင်စီ၏ လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့သည်ကို ၂၀၂၄ ခုနှစ် မေလ ၇ ရက်က KNU မှ ထုတ်ပြန်ထားစဉ်။
Karen National Union

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ရာ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် (လယ်ဒို) ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သားတစ်ဦးသေဆုံးခဲ့ပြီး သုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU ဗဟိုက မေလ ၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

KNU တပ်မဟာ ၃ လယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်မှာ ဧပြီလ (၂၇) ရက်နေ့က စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း (ခလရ-၆၀) ကနေ ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကျောက်ခဲကြီးရွာတောင်ဘက်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၄၅ နှစ်အရွယ် ဦးမင်းဇော် ထိမှန်သေဆုံးခဲ့ပြီး အသက် ၅၅ နှစ်အရွယ် ဦးမောင်အေး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

မေလ(၂) ရက်နေ့ကလည်း ပိန်းဇလုပ်အခြေစိုက် ခလရ-၂၆၄ တပ်ရင်းကနေ ၁၅၅ မမ ဟောင်ဝစ်ဇာလက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ကရင်ကျွန်းကြီးရွာက အသက်(၄၇)နှစ်အရွယ် နော်ဝါးဒူ လက်ထိမှန်ခဲ့သလို အသက် (၈၉) နှစ်အရွယ် ဖီးကြည်စိန် ခြေထောက်ထိမှန်ခဲ့ပြီး နေအိမ်နှစ်လုံးလည်းပျက်စီးခဲ့တယ်လို့ ရေးသားထားပါတယ်။

မေလ ၅ ရက်နေ့က ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီ ခလရ- ၂၆၄ တပ်ရင်းကနေ ဟောင်ဝစ်ဇာ လက်နက်ကြီး ရှစ်လုံးပစ်ခတ်ခဲ့တာကြောင့် ပဒဲကောရွာနဲ့ ဘောကထာရွာထဲကို ကျရောက်ပေါက်ကွဲပြီး မူကြိုကျောင်းတစ်ကျောင်းပျက်စီးခဲ့တယ်လို့လည်း ရေးသားထားပါတယ်။

KNU ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

ကျောက်ကြီးမြို့နယ်ထဲမှာ စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၄ ခုနှစ်၊ မတ်လအထိ တိုက်ပွဲတွေကြောင့် ဒေသခံ ခြောက်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အများစုက အခုအချိန်အထိ နေရပ်မပြန်နိုင်သေးကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။