ကျောက်မဲမှာ လက်နက်ကြီးကျလို့ အရပ်သားနှစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ

RFA Burmese
2024.06.25
ကျောက်မဲမှာ လက်နက်ကြီးကျလို့ အရပ်သားနှစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် ပျက်စီသွားသည့် အောင်မြေသာယာ ဘုန်းတော်ကြီးကျောင်းအား ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာ ဇွန်လ ၂၅ ရက်နေ့က စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားနှစ်ဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ထုတ်ပြန်ပါတယ်။

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ စစ်ကောင်စီတို့ ဇွန်လ ၂၅ ရက်နေ့ မနက်ကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ နောင်ချို၊ သီပေါနဲ့ မန္တလေးတိုင်း မိုးကုတ် စတဲ့မြို့နယ်လေးခုမှာ တိုက်ပွဲတွေဖြစ်ပြီး စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းကနေပါ ပစ်ခတ်တိုက်ခိုက်နေတယ်လို့လည်း ပြောထားပါတယ်။

တိုက်ပွဲတွေအတွင်း ဇွန်လ ၂၅ ရက်နေ့ မနက်က ကျောက်မဲမြို့ထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရပ်ကွက် (၈) က အရပ်သားနေအိမ်ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် (၄၂) နှစ်အရွယ် ကိုမျိုး သေဆုံးခဲ့ပြီး အသက် (၄၄) နှစ်အရွယ် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ရပ်ကွက် (၉) က အမျိုးသမီးတစ်ဦးလည်း လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးခဲ့သလို ပန်ပေါင်းကျေးရွာက အသက် (၁၄) နှစ်အရွယ် နန်းအွမ်ငင်းနဲ့ နားအိုက်ခန့်ရွာက အမျိုးသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရေးသားထားပါတယ်။

စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သားတွေ သေဆုံးတယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

တိုက်ပွဲဖြစ်ပွားနေတဲ့ မိုးကုတ်၊ နောင်ချိုနဲ့ ကျောက်မဲမြို့နယ်တွေက ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ဖော်ပြထားပါတယ်။

TNLA တပ်ဖွဲ့ရဲ့ ဇွန်လ ၂၅ ရက်နေ့ သတင်းထုတ်ပြန်ချက်မှာတော့ အခုတိုက်ပွဲတွေဟာ "၁၀၂၇ စစ်ဆင်ရေး" ရဲ့ အဆက်အဖြစ် ဖော်ပြထားပါတယ်။

ဇွန်လ ၁၉ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ စစ်ကောင်စီတပ်ရဲ့ လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် TNLA တပ်ဖွဲ့ဝင်သုံးဦးသေဆုံးခဲ့သလို လေးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA က ဇွန်လ ၂၄ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကလေးတစ်ဦး သေဆုံးခဲ့သလို အရပ်သားလေးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း TNLA က ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။