ကျောက်ဖြူစီမံကိန်းအတွက် ဧက နှစ်ထောင်နီးပါး လျော်ကြေးပေး သိမ်းယူမည်

သီဟထွန်းနှင့်သက်စုအောင်
2020.02.14
china-agreement-622.jpg နေပြည်တော် သမ္မတအိမ်တော်မှာ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းအပါအဝင် နားလည်မှုစာချွန်လွှာများကို ၂၀၂၀၊ ဇန်နဝါရီ ၁၈ ရက်နေ့က လက်မှတ်ရေးထိုးခဲ့စဉ်
Photo credit - Pool

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းမှာ ရေနက်ဆိပ်ကမ်း စီမံကိန်း၊ စက်မှုဇုန်စီမံကိန်း၊ အဆင့်မြင့်အိမ်ယာ စီမံကိန်းတွေ ပါဝင်မှာပါ။ ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက်ကို ဧက ၆၀၀ ကျော်၊ စက်မှုဇုန်စီမံကိန်းအတွက် ဧက ၂၅၀၀ နီးပါးနဲ့ အဆင့်မြင့် အိမ်ယာစီမံကိန်းအတွက်ကိုတော့ ဧက ၁၂၀၀ ကျော် အသုံးပြုသွားမယ်လို့ စီးပွားကူးသန်း ဒုဝန်ကြီး ဦးအောင်ထူး က ပြောပါတယ်။

အဲဒီထဲကမှ စီမံကိန်းစတင်ဖို့အတွက် မြေဧက ၁၈၀၀ ကျော်ကို သိမ်းဆည်းသွားဖို့ရှိပြီး၊ သိမ်းဆည်းမယ့် မြေဧကတွေကို ခေတ်ကာလနဲ့ လျော်ညီတဲ့ ပေါက်စျေးအတိုင်း လျော်ကြေးပေးသွားမယ်လို့ ဒုဝန်ကြီး ဦးအောင်ထူးက ပြောပါတယ်။

"အထူးစီးပွားရေးဇုန်ဥပဒေအရဆိုရင် နိုင်ငံတော်အတွက် အကျိုးရှိမယ်ဆိုရင် ဒါတွေကို မြေယာတွေကို သိမ်းယူပြီးတော့မှ ကျတော်တို့အနေနဲ့ ဆောင်ရွက်နိုင်ပါတယ် အဲလိုဆောင်ရွက်တဲ့ နေရာမှာဆိုလို့ရှိရင် သတ်မှတ်ထားတဲ့ မြေယာလျော်ကြေးပေးမှာဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ မြေယာလျော်ကြေးတွေ ပေးတဲ့အပြင် သီလဝါအထူးစီးပွားရေးဇုန်မှာဆိုလို့ရှိရင် လူမှုရေးအရ ပေးတာတွေရှိပါတယ် အိမ်ဆောက်ပေးတာ အသက်မွေးဝမ်းကြောင်းပညာတွေ သင်ပေးတယ် လျော်ကြေးအပြင်ပေါ့နော်၊ အခုကျောက်ဖြူမှာဆောင်ရွက်ရင် ဒီတိုင်းပဲဖြစ်ပါတယ် ဒေသကသတ်မှတ်ထားတဲ့ မြေယာလျော်ကြေးတွေ သီးနှံလျော်ကြေးတွေ ပေးသွားမှာဖြစ်တယ် အဲဒီအပြင် လူမှုရေးဆိုင်ရာလျော်ကြေးတွေလည်း ပေးဖို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်"

ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ လှိုင်းဘွဲ့ မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချိုက “မြန်မာနိုင်ငံအတွင်းမှာ ဆောင်ရွက်နေတဲ့ သီလဝါအထူးစီးပွားရေးဇုန်၊ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ကျောက်ဖြုအထူးစီးပွားရေးဇုန်တို့ ရဲ့ အခြေအနေ” နဲ့ ပတ်သက်ပြီး သိလိုကြောင်း မေးခွန်းမေးမြန်းစဥ်၊ ဒု၀န်ကြီး ဦးအောင်ထူးက ပြန်လည်ဖြေကြားသွားတာ ဖြစ်ပါတယ်။

ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်း ညှိနှိုင်းရေးမှုး ဦးထွန်းကြည်ကတော့ ဒီစီမံကိန်းကြောင့် ဒေသခံတွေ မြေယာဆုံးရှုံးရုံမက၊ နှစ်ပေါင်းများစွာ အသက်မွေးလုပ်ကိုင်လာတဲ့ ရိုးရာရေလုပ်ငန်းကိုပါ ထိခိုက်နိုင်တယ်လို့ ပြောပါတယ်။

"အဓိက က ကျနော်တို့ အပိုင်း နှစ်ပိုင်းရှိတယ်ဗျာ။ ပထမတစ်ပိုင်းက ရခိုင်ပြည်နယ်ရဲ့ အကျိုးခံစားခွင့်မရှိဘူး၊ ဒီစီမံကိန်းကနေပြီးတော့ ရခိုင်လူထုရဲ့ စီမံခန့်ခွဲပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။ အဲဒါကြောင့် ပြည်ထောင်စုအစိုးရကပဲ လက်မှတ်ထိုးပြီးတော့ ဆုံးဖြတ်နေတာရှိတယ်။ ဒုတိယတစ်ပိုင်းက ရခိုင်ပြည်နယ် အခြေအနေအရ လက်ရှိအချိန်မှာ တိုက်ပွဲတွေ အများကြီး ပြင်းထန်နေတယ်။ ငြိမ်းချမ်းမူမရှိဘူး။ တတိယတစ်ချက်ကတော့ ကျောက်ဖြူစီးပွားရေးဇုံနဲ့ ဆက်စပ်ပြီးတော့ အစိုးရဘက်က ပွင့်လင်းမြင်သာမှု မရှိဘူး။ အဲဒါကြောင့်မို့လို့ ဒီစီမံကိန်းနဲ့ ဆက်စပ်ပြီးတော့ လက်ရှိအချိန်မှာ အရမ်းကြီး အစိုးရဘက်က ဇွတ်အတင်း လုပ်မယ်ဆိုရင်တော့ ဒေသတွင်း ပဋိပက္ခတွေရှိလာနိုင်တယ်လို့ ကျနော့် အနေနဲ့ စိုးရိမ်မိတယ်။ "

ဒု၀န်ကြီး ဦးအောင်ထူးကတော့ ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု ရှိဖို့အတွက် စီးပွားရေးနဲ့ ကူးသန်းရောင်း၀ယ်ရေး ၀န်ကြီးကိုယ်တိုင် မကြာခင် ဒေသခံတွေနဲ့တွေ့ဆုံပြီး ရှင်းလင်းပြောကြားသွားမယ်လို့ ဆိုပါတယ်။

ဒေသအခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း လေ့လာစောင့်ကြည့်ရေး အဖွဲ့ကလည်း မြေယာဆုံးရှုံးမယ့် ဒေသခံတွေကို လျော်ကြေးပေးရုံမက သူတို့အတွက် သင့်တော်တဲ့ အလုပ်အကိုင်တွေကို ပြန်လည်ဖန်တီးပေးဖို့ ဒီစီမံကိန်းကို တရုတ်သမ္မတနဲ့ မြန်မာအစိုးရတာ၀န်ရှိသူတွေ လက်မှတ်ထိုးချိန်မှာ ကြေငြာချက်ထုတ်ပြန် သတိပေးခဲ့ပါတယ်။

ဒါ့အပြင် ဒီစီမံကိန်းကြောင့် သဘာ၀ ၀န်းကျင်ထိခိုက်ပျက်ဆီးမှုတွေကို ကော်ဖီအာနန်ကော်မရှင် အကြံပေးချက် အတိုင်း မဟာဗျူဟာစီမံကိန်းချပြီး လေ့လာဆန်းစစ်ဖို့ သတိပေးထားပါတယ်။

ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်ကတော့ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်မှာကို ဒေသခံတွေက ကြိုဆိုပေမယ့်လည်း အရင်စီမံကိန်းတွေလို ဒေသခံတွေအတွက် အကျိုးအမြတ်မဖြစ်ဘဲ လာလုပ်တဲ့ ကုမ္ပဏီတွေကသာ အကျိုးအမြတ်ရသွားမှာကိုတော့ ဒေသခံတွေက မလိုလားကြဘူးလို့ပြောပါတယ်။

"အဲလို ရင်းနှီးမြှုပ်နှံမှုတွေလုပ်တဲ့အခါ အနောက်နိုင်ငံတွေနဲ့ လုပ်ရတဲ့လုပ်ငန်းတွေက အနောက်နိုင်ငံတွေမှာ  စာနာမှုတွေ ဂရုဏာတွေနဲ့ တော်တော်များများကျင့်သားရပြီ တရုတ်တွေမှာတော့ မေတ္တာတွေ ဂရုဏာတွေ စာနာမှုတွေ သိပ်နည်းတဲ့အခါ ဒီကလူတွေ အရင်ပိုက်လိုင်းကိစ္စမှာလည်း တရုတ်တွေမရိုးသားတာလည်းပါတယ် ကိုယ့်အစိုးရ ညံ့ဖျင်းတာလည်းပါတယ် အဲလို မြေယာလျော်ကြေးတွေပေးတဲ့အခါ ထိုက်တန်တဲ့ဟာ မပေးတာရယ် ထိုက်တန်တဲ့ဟာမရတာရယ် အဲလိုအခက်အခဲတွေနဲ့ ကြုံရမလားလို့ စိုးရိမ်ထိတ်လန့်မှုတော့ ရှိတာပေါ့"


ကျောက်ဖြူရေနက်စီမံကိန်း မူဘောင်သဘောတူညီချက်ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့ကနေပြည်တော်မှာ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနဲ့ တရုတ်ကုမ္ပဏီတို့ နှစ်ဖက်အပြန်အလှန် လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ဇန်န၀ါရီလခရီးစဥ်အတွင်းမှာ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းနဲ့ပတ်သက်တဲ့ နားလည်မှုစာချွန်လွှာတွေကို လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အကောင်အထည်ဖေါ်ဖို့ရှိတဲ့ အထူးစီးပွားရေးဇုန် စီမံကိန်းကြီး သုံးခုရှိပြီး ကျောက်ဖြူ အထူးစီးပွားရေးဇုန်နဲ့ ထားဝယ်အထူးစီးပွားရေးဇုန်တို့က လက်တွေ့လုပ်ငန်း မစတင်နိုင်သေးဘဲ သီလဝါ အထူးစီးပွားရေးဇုန်ကတော့ စုစုပေါင်းဧရိယာရဲ့ ၂၈ ရာခိုင်နှုန်းလောက်ကို လက်တွေ့အကောင်အထည် ဖော်နေပြီလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။