ကျောက်တန်းရွာသားခြောက်ယောက်ကို အမှုမမြောက်လို့ တနှစ်ကျော်အကြာမှာ ပြန်လွှတ်
2020.05.18
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (က) နဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ ရခိုင်ပြည်နယ် ရသေ့တောင် မြို့နယ် ကျောက်တန်းရွာသား ၆ ယောက်ကို သက်သေမခိုင်လုံတဲ့အတွက် တရားရုံးကစွဲချက်မတင်ခင် မေလ ၁၅ ရက် သောကြာနေ့ကပြန်လွှတ်ပေးလိုက်ပါတယ်။
တရားစွဲခံရတဲ့သူ စုစုပေါင်း ၈ ယောက်ဖြစ်ပြီး သူတို့ထဲက အသက်မပြည့်သေးတဲ့လူငယ်နှစ်ယောက် ကတော့ မလွတ်သေးပဲ စစ်တွေမြို့နယ် ကလေးသူငယ်တရားရုံးမှာအမှုရင်ဆိုင်နေရသေးတယ်လို့ ပြန်လွတ်လာတဲ့ ကိုမောင်မောင်လှိုင်ရဲ့ အမ - မခင်မိုးနွယ် က RFA ကိုပြောပါတယ်။
"ကျောက်တန်းရွာက လွတ်လာသူတွေက ၆ ယောက်ပဲရှိတယ်။ နာမည်တွေက ညီညီဌေး ထွန်းမင်းနိုင် မောင်မောင်လှိုင် ဦးဝင်းကျော် ဦးထွန်းမြင့် ။ အဲဒီ ၆ ယောက်။ လူပေါင်း ၂ဝဝ ကျော် အဖမ်းခံရတာ ၈ ယောက် တရားစွဲခံရတယ်။ အဲဒီရှစ်ယောက်ထဲမှာ ကလေးသူငယ်များအမှုနဲ့ ၂ ယောက်ကျန်ခဲ့တယ်’
ဒီကျောက်တန်းရွာသားတွေကို ရခိုင့်တပ်တော် AA နဲ့ ပတ်သက်တယ်ဆိုတဲ့ သံသယနဲ့ မြန်မာ့တပ်မတော်က ဖမ်းပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ ၂ဝ၁၉ ဧပြီလက တရားစွဲဆိုခဲ့တာဖြစ်ပြီး ထောင်ထဲမှာ ၁ နှစ် ကျော်နေခဲ့ပြီးတဲ့နောက် အခုလို ပြန်လွတ်လာတာဖြစ်ပါတယ်။
အမှုရင်ဆိုင်နေရတဲ့တနှစ်ကျော်အတွင်း မိသားစုမှာအခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့အကြောင်း ပြန်လွတ်လာသူ ၆ ဦးထဲက တဦးဖြစ်တဲ့ ကိုမောင်ငြိမ်းရွှေရဲ့မိခင် ဒေါ်ရီရီစိုး က ပြောပါတယ်။
“ ၅ လပိုင်း ၁၅ ရက်နေ့ကလွတ်လာတယ်။ အပြစ်မရှိဘူးဆိုပြီး လွှတ်လိုက်တာပါ။ တရားစွဲခံရတဲ့ပုဒ်မက ၅၀ (က)။ မနှစ်က လေးလပိုင်းက ဖမ်းပြီး အခုပြန်လွတ်လာတယ်ဆိုတော့ ၁၃ လကြာခဲ့ပါတယ်။ နစ်နာမှုတွေရှိပါ တယ်။ နစ်နာမှုတွေက စီးပွားရေး လူမှုရေးတွေပါ။ ရွာကနေစစ်တွေကို တလမှာရုံးထုတ်လေး ကြိမ်သွားရပါတယ်။ လမ်းခရီးမှာဆိုလဲတိုက်ပွဲတွေရှိလို့ခက်ခဲနဲ့၊ အဲဒီလိုကျော်ဖြတ်ခဲ့ရပါတယ်။ ကျမကလေးတွေက (စရဖ)ဆီမှာ အရမ်းနှိပ်စက်ခံခဲ့ရပါတယ်။ မင်း-အေအေလား။ မဟုတ်ပါဘူး။ အေအေကိုမသိပါဘူးဆိုရင် ရိုက်နှက်ကန်ကျောက်ထိုးကြိတ်ပါတယ်။ နောက်မှ အမှတ် (၁) ရဲစခန်း ကိုပို့ပါတယ်။ အခုတော့ ကျမသားမှာ ကျန်းမာရေး ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် သူတို့နဲ့အတူအဖမ်းခံရတဲ့ ကလေးတယောက်တော့ ဆေးကုနေရပါတယ်”
ရွာသား ၂ ရာကျော် ဖမ်းဆီးစစ်ဆေးခံရပြီးတဲ့နောက်ပိုင်း ကျောက်တန်းရွာမှာ လူမနေရဲတော့လောက်အောင် ဖြစ်သွားတယ်လို့လည်း မခင်မိုးနွယ်က ပြောပါတယ်။
“ဖမ်းတဲ့နေ့က စပြီး ခုချိန်ထိ ကျောက်တန်းရွာက လူတွေတောင်နေလို့ မရတော့ဘူး။ ထွက်ပြေးနေရတာတွေက ခုချိန်ထိဖြစ်နေတုန်း။ ပြေးလိုက်လွှားလိုက်နဲ့ ကျောက်တန်းရွာထဲမှာ လူတွေတယောက်မှ မရှိဘူး’
ကျောက်တန်းကျေးရွာမှာ ရက္ခိုင့်တပ်တော် AA နဲ့ပတ်သက်တယ်ဆိုပြီး သံသယရှိသူ ၂၇၅ ဦးကို မြန်မာ့တပ် မတော်က ၂ဝ၁၉ ဧပြီ ၃ဝ ရက်နေ့က စပြီး ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။ ထိန်းသိမ်းစစ်ဆေးနေတဲ့ကာလအတွင်း မေလ နှစ်ရက်နေ့ မနက် နှစ်နာရီလောက်မှာတော့လုံခြုံရေး တပ်ဖွဲ့ဝင် တွေက ပစ်ခတ်ခဲ့တာကြောင့် ရွာသား ခြောက်ယောက် သေဆုံးပြီး ရှစ်ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရရှိသူ ရှစ်ဦးထဲက ၂ ဦးဟာ ဆေးကု သမှုခံယူနေစဉ်အတွင်းထပ်မံသေဆုံးခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဥပဒေနဲ့မညီတဲ့ သတ်ဖြတ်တာ၊ ဖမ်းဆီးတာ၊ ထိန်းသိမ်းစစ်ဆေးတာ၊ စာသင်ကျောင်း တခုကို စစ်ရေးရည်ရွယ်ချက်နဲ့အချိန်အကြာကြီးအသုံးချတာ၊ လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းတခုက ရွာသားတွေကို အကြမ်းဖက်တဲ့အပြုအမူကျူးလွန်တာတွေကို အထူးစိုးရိမ်တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ၂ဝ၁၉ မေလ ၁၀ ရက်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီနောက် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က ၂ဝ၁၉ မေလ ၂၈ ရက်နေ့ကနေ ၃၀ ရက် နေ့ အထိ ၃ ရက်ကြာကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။ ၂၀၁၉ ဇွန်လ ၁၃ ရက်နေ့မှာတော့ လူ့အခွင့်အရေးကော်မရှင်ရဲ့ အစီရင်ခံစာထုတ်ပြန်ခဲ့ပါတယ််။ တပ်မတော်ကလည်း အရာရှိတွေနဲ့စုံစမ်းရေးအဖွဲ့ဖွဲ့ပြီး စစ်ဆေးခဲ့ပါတယ်။ နောက်မကြာခင်မှာတော့ ဖမ်းထားတဲ့သူတွေကိုတသုတ်ချင်းပြန်လွှတ်ခဲ့ပေမယ့်၊ အဲဒီထဲက စုစုပေါင်း ၈ ယောက်ကို စစ်တွေထောင်ထဲပို့ထားပြီး တရားစွဲခဲ့ရာကနေ၊ ပြီးခဲ့တဲ့သောကြာနေ့မှာတော့ တရားရုံးက အမှုမမြောက်လို့ဆိုပြီး ၆ ယောက်ကို ပြန်လွှတ်ပေးလိုက်တာဖြစ်ပါတယ်။