ဦးကျော်မင်းဆွေအမှု အာမခံ ပယ်ချခံရ
2017.07.28

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃနဲ့ တရားစွဲဆိုခံထားရတဲ့ The Voice သတင်းစာအယ်ဒီတာချုပ် ဦးကျော်မင်းဆွေ ရဲ့ အာမခံ လျှောက်ထားမှုကို ဗဟန်းမြို့နယ် တရားရုံးက ဒီကနေ့ ၉ ကြိမ်မြောက် ပယ်ချလိုက်ပါတယ်။
ဒီအမှုဟာ အာမခံပေးနိုင်တဲ့ အမှုမဟုတ်ဘူးဆိုပြီး တရားရုံးက ငြင်းပယ်လိုက်တာဖြစ်တယ်လို့ ဦးကျော်မင်းဆွေရဲ့ ဥပဒေအကြံပေးဖြစ်တဲ့ ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။
"ဒီနေ့လည်းပဲ အာမခံကိုငြင်းပယ်ပါတယ်၊ ငြင်းပယ်ခြင်းရဲ့ အကြောင်းရင်းမှာလည်း ထူးထူးထွေထွေ မရှိပါဘူး၊ ဒီအမှုသည် အာမခံပေးနိုင်သောအမှု မဟုတ်ဘူးလို့ ဆုံးဖြတ်ချက်ချပေးခြင်းဖြစ်ပါတယ်၊ အာမခံငြင်းပယ်ခြင်းဖြစ်ပါတယ်"
ဦးကျော်မင်းဆွေကို ၆၆(ဃ)နဲ့ တရားစွဲထားတဲ့အမှုကို ပယ်ဖျက်ပေးဖို့ လျှောက်ထားတာကို အမြန်ဆုံး စစ်ဆေးပေး ဖို့အတွက်လည်း ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရဲ့ တရားသူကြီးချုပ်ဆီကို တင်ပြတောင်းဆိုသွားမယ် လို့ ပြောပါတယ်။
ဒီနေ့ ရုံးချိန်းမှာ တရားလိုဘက်က တင်သွင်းတဲ့သက်သေဟာ တရားလိုနဲ့ အနီးကပ်ရှိနေသူ ဖြစ်တဲ့အတွက် သက်သေပြောင်းလဲတင်သွင်းဖို့နဲ့ သရော်စာနဲ့ ပတ်သက်တဲ့ အမှုဖြစ်စဉ် တစ်ခုတည်းကို ရဲစခန်းနဲ့ တရားရုံး နှစ်နေရာမှာ တိုင်ကြားထားတာကို တစ်ပေါင်းတည်းစစ်ဆေးပေးဖို့အတွက်လည်း ဦးကျော်မင်းဆွေ ဘက်က တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး လာမယ့် သြဂုတ်လ ၄ ရက်နေ့ရုံးချိန်းမှာ တရားရုံးက ဆုံးဖြတ်မှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့ထုတ် The Voice သတင်းစာမှာ ဖော်ပြခဲ့တဲ့ ကျည်ထောင်စုသစ္စာ သရော်စာကို သတင်းဌာနရဲ့ အွန်လိုင်း စာမျက်နှာမှာ ဖော်ပြခဲ့တာနဲ့ပတ်သက်ပြီး အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို တပ်မတော်က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ ဗဟန်းမြို့နယ် ရဲစခန်းမှာ အမှုဖွင့်ပြီး တရားစွဲဆို ထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဇူလိုင်လ ၂၁ ရက်နေ့မှာ သတင်းမီဒီယာ ဥပဒေ ပုဒ်မ ၂၅ (ခ) နဲ့ ဦးကျော်မင်းဆွေနဲ့ ဆောင်းပါးရှင်း ဗြိတိသျှကိုကိုမောင်တို့ကို တပ်မတော်ဘက်က ဗဟန်းမြို့နယ် တရားရုံးမှာ ထပ်ပြီး တရားစွဲဆိုထားပါတယ်။