ကျုံဒိုးမြို့မှာ တိုက်ပွဲပြင်းထန်နေ

RFA Burmese
2024.04.19
ကျုံဒိုးမြို့မှာ တိုက်ပွဲပြင်းထန်နေ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့တစ်နေရာကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့က တွေ့ရစဉ်။
Facebook/ ကျုံဒိုး သားများ စုံဆည်းတဲ့နေရာ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့နဲ့ အနီးတစ်၀ိုက်မှာ ဧပြီလ ၁၉ ရက် မနက်ပိုင်းကစလို့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျုံဒိုးမြို့မှာ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ (၅၄၅) နဲ့ ခမရ (၅၄၆) တို့ အခြေစိုက်ထားပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေပါ လုပ်ဆောင်နေပြီး လေယာဉ်ပျံသန်းမှုတွေ တောက်လျှောက်လုပ်နေတယ်လို့ ထွက်ပြေးနေရတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“တိုက်ပွဲကတော့ဖြစ်နေတယ်။ မနက် ၁၀ နာရီ၊ ၁၁ နာရီလောက်ကဖြစ်တာ။ အခုအသံတွေကြားလို့ ပြေးကုန်ပြီ။ လေယာဉ်က အပေါ်မှာ ဝဲနေတယ်”

မြ၀တီမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် ဘားအံမြို့ကနေ စစ်ကူတက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ကျုံဒိုးနဲ့ ကော့ကရိတ်ကို ဖြတ်ချိန်မှာ KNLA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

ကျုံဒိုးအပါအဝင် ကော့ကရိတ်မြို့နယ်ထဲမှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့လည်း စစ်မြေပြင်မှာရောက်နေတဲ့ တောင်ပိုင်းတိုင်းစစ်ဒေသရဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ကော့ကရိတ်မှာ ပူးပေါင်းစစ်ကြောင်းတွေရော၊ မဟာမိတ်အဖွဲ့တွေ၊ နယ်မြေခံအဖွဲ့တွေအကုန် အတူတူ ပေါင်းစည်းလိုက်ကြပြီ။ အဲလိုမျိုးနဲ့ တိုက်ပွဲတွေပြင်းထန်နေပြီး ပြန်ကာကွယ်နေကြတယ်။ တိုက်ပွဲက အဖြေမထွက်သေးဘူး။ အခုကတော့ တိုက်ပွဲပြင်းထန်နေတဲ့ကာလလည်း ဖြစ်တယ်။ လေယာဉ်တွေလည်း တောက်လျှောက်လာတယ်။ လက်နက်ကြီးတွေ အမြဲတမ်းလာနေတယ်”

ဧပြီလ ၁၆ ရက်နေ့ကလည်း မြ၀တီမြို့ကို စစ်ကူပေးဖို့တက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျစစ်ကြောင်းကို ကော့ကရိတ်မြို့နယ် အာရှလမ်းမပေါ်က တံတားကူးနေရာအရောက်မှာ ဒရုန်းနဲ့ လေးကြိမ် တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ကျားဖြူစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီတပ်က ကရင်ပြည်နယ် မြ၀တီမြို့ကို ပြန်လည်ရရှိနိုင်ဖို့ စစ်ဆင်ရေးတစ်ရပ် ဖော်ဆောင်ပြီး ထိုးစစ်ဆင်လာတဲ့အပေါ် ကရင်ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ပြီး ဟန့်တားထားနိုင်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ဧပြီလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။