တရုတ် ကြေးနီစီမံကိန်းတွေ မှာ မြန်မာအလုပ်သမား များ သောင်းနဲ့ချီ ဆန္ဒပြမည်


2015.04.29
factor-workers-protest-305.jpg လုပ်ခလစာတိုးမြှင့်ရေးအတွက် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က အလုပ်သမားတွေ ရန်ကုန်မှာဆန္ဒပြကြစဉ်
Photo: Wai Yan Moe Myint/RFA

လာမယ့်မေလ ၁ ရက်နေ့ကျရောက်မယ့် အပြည်ပြည် ဆိုင်ရာ အလုပ်သမားနေ့နဲ့ မေလ ၂ ရက်နေ့မှာ ကျရောက်မယ့် ကဆုန်လပြည့်နေ့တွေမှာ မြန်မာ-ယန်စီ၊ မြန်မာ-ဝမ်ပေါင် နဲ့ စီနိုဝမ် စတဲ့ တရုတ်ကြေးနီ ထုတ်လုပ်ရေးကုမ္ပဏီတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားစုစုပေါင်း ၁ သောင်းလောက် အလုပ်မဆင်း ဘဲ ဆန္ဒပြကြမယ်လို့ သိရပါတယ်။

အလုပ်သမားတွေတောင်းဆိုနေတဲ့ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရေး အဆင်မပြေသေးတာကြောင့် ခုလိုဆန္ဒပြရ တာဖြစ်တယ်လို့ မြန်မာ-ဝမ်ပေါင်ကုမ္ပဏီလက်အောက်ခံ စီနိုဝမ်းကုမ္ပဏီက ယန္တယားကြီးမောင်းလုပ်သား ဦးဌေးအောင် က ပြောပါတယ်။

"ကျနော်တို့က ယန်စီက ၆၀၀၀ လောက်ရှိတယ်၊ စီနိုဝမ်က ၂၀၀၀နဲ့ ဝမ်ပေါင်က ၄၀၀၀ ကျော်လောက်ရှိတယ်၊ တစ်သောင်းလောက် ပါ၊ ကျနော်တို့တောင်းဆိုထားတဲ့ လစာတိုးဖို့ရာခိုင်နှုန်း သတ်မှတ်ထားတဲ့ ရာခိုင်နှုန်းမရလို့ ကျနော် တို့တောင်းဆို ဆန္ဒပြတာပါ၊ ကျနော်တို့ တောင်းဆိုထားတာ မရမချင်း အများပြည်သူရုံးပိတ်ရက်တွေ မှာ တောင်းဆို ဆန္ဒပြသွားမှာဘဲ"

အဲဒီအလုပ်သမား ၁ သောင်းလောက်ဟာ သူတို့တောင်းဆိုထားတဲ့ လုပ်ခလစာ သတ်မှတ်ချက် မရမချင်း အချိန် ပိုကြေးနှစ်ဆရတဲ့ ရုံးပိတ်ရက်တိုင်း အလုပ်မဆင်းဘဲ ဆက်လက်ဆန္ဒပြသွားမယ်လို့ ပြောပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ကလည်း မေလ ၁ ရက်၊ အပြည်ပြည်ဆိုင်ရာ အလုပ် သမားနေ့အခမ်းအနားကို မန္တလေးမြို့မှာ ကျင်းပသွား မှာဖြစ်ပြီး၊ အခမ်းအနားအပြီးမှာ အလုပ်သမားနှီးနှောဖလှယ်ပွဲ တစ်ခု ဆက်လက်ကျင်းပမယ်လို့ သိရပါတယ်။

အဲဒီပွဲမှာ ပြည်နယ်နဲ့ တိုင်းအသီးသီးက အလုပ်သမားတွေရဲ့ ပြသနာတွေကို အဓိကထားဆွေးနွေးသွားမယ်လို့ မြန် မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ ဦးအောင်လင်း ကပြောပါတယ်။

"မနက်ပိုင်းမှာ လုပ်နေကျအတိုင်းဘဲ အခမ်းအနားဖွင့်လှစ်ပွဲလုပ်ပါမယ်၊ အခမ်းအနားဖွင့်လှစ်ပွဲလုပ်ပြီး ရင်တော့ အလုပ်သမားထု နှီးနောဖလှယ်ပွဲ လုပ်ပါမယ်၊ အလုပ်သမားတွေအသံကို နားထောင်ပါမယ် "

မေလ ၁ရက် မန္တလေးမြို့မှာကျင်းပမယ့် ကမ္ဘာ့အလုပ်သမားနေ့နဲ့ အလုပ်သမား နှီးနှောဖလှယ်ပွဲကို ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းတို့က အလုပ်သမားသမဂ္ဂဝင် ၂၀၀၀ ကျော်တက်ရောက်မယ်လို့ သိရပါတယ်။

တရုတ်ကြေးနီထုတ်လုပ်ရေးစီမံကိန်းတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ အလုပ်သမားတစ်သောင်းလောက် အလုပ် မဆင်းဘဲ ဆန္ဒပြကြမယ့် အစီအစဉ်နဲ့ ပတ်သက်လို့ စီနိုဝမ်းကုမ္ပဏီက ယန္တယားကြီးမောင်းလုပ်သား ဦးဌေးအောင်ကို RFA ဝိုင်းတော်သူ မခက်မာ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။