လိုင်ဇာမှာ ဆေးဝါး အကူအညီ ပေးအပ်ပြီး ICRC အဖွဲ့ ပြန်လည်ထွက်ခွာ


2013.02.28

KIO ထိန်းချုပ် နယ်မြေအတွင်း အကူအညီပေးရေး ဆောင်ရွက်ဖို့ ကားသုံးစီးနဲ့ သွားရောက်တဲ့ ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အဖွဲ့ဟာ ဆေးဝါး အကူအညီများ ပေးအပ်ပြီး  ဒီကနေ့  မနက်ပိုင်းမှာ လိုင်ဇာမြို့ကနေ ပြန်လည်ထွက်သွားပါတယ်။

ICRC အဖွဲ့ဟာ လိုင်ဇာမြို့မှာရှိတဲ့ ဆေးရုံနှစ်ရုံကို သွားရောက် လေ့လာခဲ့သလို ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်ခဲ့ပါတယ်။

လိုင်ဇာမြို့အနီး ဒုက္ခသည်စခန်းလေးခုရှိပြီး ဒုက္ခသည် ၂ သောင်းကျော်ရှိပါတယ်။

အခုခရီးစဉ်မှာ အဓိကအားဖြင့် ဆေးပစ္စည်း အကူအညီတွေပေးခဲ့တယ်လို့ ရန်ကုန် ICRC ရုံးက ပြောရေးဆိုခွင့်ရှိသူ ဦးညွန့်အုန်းက ပြောပါတယ်။

"ဒီနေ့မှ လိုင်ဇာမြို့ကနေ ပြန်လည်ထွက်ခွာလာတာပါခင်ဗျ၊ ICRC အနေနဲ့ ကချင်ပြည်နယ်မှာရှိတဲ့ ဒဏ်ရာရတဲ့သူ၊ ဖျားနာတဲ့သူတွေကို ကုပေးနေတဲ့ဆေးရုံတွေကို ခွဲစိတ်တဲ့ပစ္စည်းတွေ၊ ဆေးဝါးတွေကို ဖြန့်ဝေပေးခဲ့ပါတယ်၊ အဲလိုဖြန့်ဝေတဲ့နေရာမှာ အစိုးရဆေးရုံတွေရော KIA နယ်ထဲမှာရှိတဲ့ ဆေးရုံတွေပါ ဖြန့်ဝေပေးခဲ့ပါတယ်"

အဲဒီအဖွဲ့မှာ ဘယ်ဂျီယမ်နိုင်ငံသား မစ္စတာ Dominate R Bun ခေါင်းဆောင်ပြီး နိုင်ငံခြားသား ၄ ဦး အပါအဝင် အဖွဲ့ဝင် စုစုပေါင်း ၉ ဦး လိုက်ပါသွားပါတယ်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့က လိုင်ဇာမြို့ကို ရောက်လာခဲ့ပြီး မြို့အဝင် မိုးနဲချောင်းဘေးမှာ နေရာယူထားတဲ့ အစိုးရစစ်တပ်က လုံခြုံရေး တာဝန် မယူနိုင်ဘူးလို့ ပြောဆိုတာကြောင့် လှည့်ပြန်ခဲ့ရပြီး ဖေဖော်ဝါရီ ၂၆ ရက်နေ့ကမှ လိုင်ဇာမြို့ကို ဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။