ဂွမြို့နယ်မှာ မြေမြှုပ်မိုင်းနင်းမိလို့ ဒေသခံတစ်ဦး ဒဏ်ရာရ

RFA Burmese
2024.07.09
ဂွမြို့နယ်မှာ မြေမြှုပ်မိုင်းနင်းမိလို့ ဒေသခံတစ်ဦး ဒဏ်ရာရ ဂွမြို့နယ်တွင် မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးသွားသည့် ဒေသခံအား လူမှုကူညီရေးအသင်းမှ သယ်ဆောင်ပေးနေသည်ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့က တွေ့ရစဥ်။
Citizen Photo

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့မှာ ဇူလိုင်လ ၈ ရက်နေ့က မြို့အပြင် တောထဲကို မှိုရှာသွားတဲ့ဒေသခံတစ်ဦး မြေမြှုပ်မိုင်းနင်းမိတာကြောင့် ဒဏ်ရာပြင်းထန်ပြီး ခြေထောက်တစ်ဖက် ဖြတ်လိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျိန္တလီမြို့၊ ရာပြည့်ရပ်ကွက်က ဦးမောင်ဖြူ ဒဏ်ရာရခဲ့တာပါ။ မြို့အနီးဝန်းကျင်မှာ စစ်ကောင်စီတပ်က မြေမြှုပ်မိုင်းတွေ ထောင်ထားပြီး မိုင်းသတိပေးချက်တွေရှိပေမဲ့ စားဝတ်နေရေးအတွက် တောထဲသွားတဲ့ဒေသခံတွေ မြေမြှုပ်မိုင်းအန္တရာယ်နဲ့ ကြုံနေရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သူက မှိုဟင်းသွားရှာတာ။ အဲဒီမှာ မြေမြှုပ်မိုင်းနင်းမိလို့ ခြေပြတ်ဒဏ်ရာရသွားတာပေါ့။ သူ့ကိုတော့ ဆေးရုံကို ပို့ထားပါတယ်။ စစ်တပ်က မြို့ပတ်ဝန်းကျင်မှာ မြေမြှုပ်မိုင်းတွေ ထောင်ထားတယ်။ သူတို့ကလည်း မသွားကြဖို့ကို ဇွန်လ ၃၀ ရက်နေ့ကတည်းက တားထားတယ်။ ဒါပေမဲ့ ဒေသခံတွေက အဆင်မပြေကြတော့ ငါးရှာ၊ ဟင်းရှာသွားကြတယ်လေ”

ဂွမြို့နယ်အတွင်းမှာ ဇွန် ၂၉ ရက်နေ့က ဒေသခံတစ်ဦး မိုင်းနင်းမိလို့ သေဆုံးခဲ့သလို ဇူလိုင် ၃ ရက်နေ့ကလည်း မိုင်းနင်းမိလို့ ဒေသခံတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါကြောင့် ဂွမြို့နယ်အတွင်းမှာ တိုက်ပွဲတွေမရှိပေမဲ့ မြေမြှုပ်မိုင်းနင်းမိသူ သုံးဦးအထိ ရှိလာပါတယ်။

မင်းပြားမြို့နယ် ဖားပျော်ရွာမှာလည်း ဇူလိုင် ၇ ရက်နေ့က မြေမြှုပ်မိုင်းနင်းမိလို့ ဒေသခံတစ်ဦး သေဆုံးခဲ့ပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်ခဲ့တဲ့နေရာတွေနဲ့ နှစ်ဖက်တပ်တွေ တပ်စွဲခဲ့တဲ့နေရာတွေမှာ မြေမြှုပ်မိုင်းတွေနဲ့ မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေ အများအပြားရှိနေသေးတာကြောင့် ဒေသခံတွေသတိပြုကြဖို့ မြေမြှုပ်မိုင်း အသိပညာပေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။