လားရှိုးက တရုတ်နိုင်ငံသားတွေပါဝင်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း ဖမ်းဆီးခံရ
2024.04.24

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ပေါ်မှာ တရုတ်နိုင်ငံသားတွေအပါအဝင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) နဲ့ ဆက်စပ်သူ ၂၄ ဦးကို ဧပြီလ ၂၃ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ လားရှိုးမြို့ခံတွေက ပြောပါတယ်။
လားရှိုးမြို့ အမှတ် ၁၂ ရပ်ကွက်မှာရှိတဲ့ နေအိမ်တစ်လုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့တာလို့ လားရှိုးမြို့ခံတစ်ဦးက ပြောပါတယ်။
“ဖမ်းမိတာ ဟုတ်တယ်။ တရုတ်နိုင်ငံသားတွေလည်းပါတယ်။ မြန်မာနိုင်ငံသားတွေနဲ့ဆို အယောက် နှစ်ဆယ် ကျော်မိတာ။ မနေ့ကဆို ရှုပ်နေတာပဲ အဲဒီနေရာမှာ။ ကားတွေနဲ့တင်ပြီး ထောင်ကြီးဘက်ကို ခေါ်သွား တာတွေ့လိုက်တယ်”
စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ လားရှိုးမြို့နယ် ကျားဖြန့်ဂိုဏ်းတစ်ခုကို ဝင်ရောက်ဖမ်းဆီးရာမှာ တရုတ်နိုင်ငံသား ၁၂ ဦးအပါအဝင် စုစုပေါင်း လူ ၂၄ ဦးကို ဖမ်းဆီးရမိကြောင်း ဖော်ပြထားပါတယ်။
ဖမ်းမိသူတွေနဲ့အတူ လက်နက်ခဲယမ်းတချို့အပါအဝင် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ အသုံးပြုတဲ့ ဖုန်း၊ ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်းတွေကိုလည်း သိမ်းဆည်းရမိတယ်လို့လည်းဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ပေါ်မှာ အခုလို အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ဆက်စပ်သူတွေကို ဖမ်းမိတာဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။