လားရှိုးနဲ့ မိုးကုတ်မှာ စစ်ဘေးတိမ်းရှောင်တဲ့ ဒေသခံတချို့ ပိတ်မိနေ

RFA Burmese
2024.07.09
လားရှိုးနဲ့ မိုးကုတ်မှာ စစ်ဘေးတိမ်းရှောင်တဲ့ ဒေသခံတချို့ ပိတ်မိနေ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှ ဒေသခံများ ဘေးလွတ်ရာကို ထွက်ပြေးနေကြသည်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း တွေ့ရစဉ်။
Citizen Photo

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ်ကနေ ထွက်ပြေးတိမ်းရှောင်ကြတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ လမ်းခုလတ်မှာ ပိတ်မိနေကြတယ်လို့ ဒေသခံတွေက ဇူလိုင်လ ၉ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။

လားရှိုးမြို့နဲ့ ၁၄ အမိုင်အကွာ စံဖြတ်ရွာအနီးမှာ ဇူလိုင်လ ၉ ရက် ဒီနေ့မနက်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ဘေးဒုက္ခသည်တွေရဲ့ အဝင်အထွက်ကားတွေကို ဖြတ်သန်းခွင့်မပြုတော့တာကြောင့် အဲဒီအနီးတစ်၀ိုက်မှာ ကားတွေ ပိတ်မိနေတာလို့ လားရှိုးဒေသခံတစ်ဦးက ပြောပါတယ်။

မိုးကုတ်မြို့နယ်မှာလည်း မိုးကုတ်-မန္တလေးလမ်းပိုင်း ဇရပ်ကွင်းနဲ့ လိပ်ကျရွာအနီး ပိတ်မိနေတဲ့ ဒေသခံတွေဟာ ဒီနေ့မနက်မှာ ဂိတ်ဖွင့်ပေးလိုက်တာကြောင့် စီတန်းထွက်ခွာနေကြပေမဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေလို့ တိုက်ပွဲကြားမှာ ပိတ်မိနိုင်တယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"တိုက်ပွဲတွေက မပြီးသေးဘဲ လူတွေက ဇွတ်တိုးနေလို့သာ ဂိတ်က လမ်းဖွင့်ပေးလိုက်တဲ့သဘောရှိတယ်။ လမ်းကြောင်းရှင်းလို့ ဖွင့်ပေးလိုက်တာ။ အဲဒီတော့ တစ်နေရာမှာ တိုက်ပွဲဖြစ်ရင် ထပ်ပိတ်မိနေမှာပဲ။ ဒီဇရပ်ကွင်းမှာ နေတာထက်စာရင် ပိုဒုက္ခရောက်နိုင်တယ်။ ရသလောက်တိုးမယ်ဆိုပြီး သွားကြတော့ တိုက်ပွဲကြားမှာ ညပ်နိုင်တယ်။ အစားအသောက်၊ နေစရာတွေ ခက်ခဲမယ်။ လမ်းမှာ ရွာကြီးတွေ မရှိတော့ဘူး။ မရှိတဲ့အတွက် တည်းဖို့၊ နေဖို့၊ စားဖို့၊ သောက်ဖို့ အစစအရာရာ ခက်ခဲမယ်"

လားရှိုးမြို့နဲ့ အနီးတစ်၀ိုက်မှာ ဒီနေ့မနက် တိုက်ပွဲတွေ ငြိမ်နေပြီး မိုးကုတ်မြို့နယ်မှာတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဇူလိုင်လ ၈ ရက် မနေ့ကဖြစ်တဲ့ မိုးကုတ်မြို့အရှေ့ပိုင်းက တိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးတစ်ဦး သေဆုံးပြီး နောက်ထပ် လေးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်း ပြောခွင့်ရသူတွေထံ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ဇွန်လ ၂၅ ရက်နေ့ကစလို့ "၁ဝ၂၇ စစ်ဆင်ရေး" နောက်ဆက်တွဲအနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ လားရှိုးမြို့တွေနဲ့ မန္တလေးတိုင်းထဲက မတ္တရာ၊ စဥ့်ကူးနဲ့ မိုးကုတ်မြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေကို TNLA နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။