လားရှိုးနဲ့ သိန္နီမှာ မြေမြှုပ်မိုင်းကြောင့် နှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရ
2024.05.08

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးနဲ့ သိန္နီမြို့နယ်အတွင်းမှာ ၂၀၂၄ ခုနှစ်၊ မေလ ၂ ရက်နေ့ကနေ ၆ ရက်နေ့အထိ ငါးရက်အတွင်း မြေမြှုပ်မိုင်းကြောင့် နှစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေလ ၆ ရက်နေ့က သိန္နီမြို့နယ်၊ ကောင်းဟော်ရွာမှာ ဘုရားကျောင်းသန့်ရှင်းရေးလုပ်နေတဲ့ အမျိုးသားနှစ်ဦး မြေမြှုပ်မိုင်းနင်းမိတာကြောင့် တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သိန္နီမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့က ညီအစ်ကိုနှစ်ယောက် ဘုရားကျောင်းသန့်ရှင်းရေးလုပ်ရင်း မိုင်းနင်းမိတာ။ အစ်ကိုက နေရာမှာပဲ ဆုံးသွားတယ်။ တစ်ယောက်ကတော့ သိန္နီဆေးရုံမှာပဲ”
သေဆုံးသွားတဲ့အမျိုးသားဟာ အသက် ၂၄ နှစ်အရွယ်ဖြစ်ပြီး ဒဏ်ရာရသွားသူကတော့ အသက် ၂၂ နှစ်အရွယ် ဖြစ်တယ်လို့ ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေး အပြီးမှာကတည်းက သိန္နီမြို့ကို MNDAA တပ်ဖွဲ့က သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။
မေလ ၂ ရက်နေ့ မနက်ပိုင်းကလည်း လားရှိုးမြို့နယ်၊ မိုင်းကျက်ကျေးရွာမှာ မြေမြှုပ်မိုင်းကို ဆော့ကစားမိတဲ့ အသက် ၁၄ နှစ်အရွယ် ကိုရင်တစ်ပါး ပျံလွန်တော်မူခဲ့ပြီး တစ်ပါးကတော့ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘုန်းကြီးကျောင်းအတွက် လိုအပ်တဲ့ အုတ်ခဲသွားသယ်ရင်း မြေမြှုပ်မိုင်းတွေ့ခဲ့ပြီး ဆော့ကစားမိရာက ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
မိုင်းကျက်ကျေးရွာဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့တဲ့နေရာ ဖြစ်ပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးအပြီး ဇန်နဝါရီလဆန်းပိုင်းကစလို့ မြေမြှုပ်မိုင်းကြောင့် အရပ်သား ထိခိုက်မှုပိုများလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘယ်အဖွဲ့ကထောင်ထားတဲ့မိုင်းကြောင့် ထိခိုက်သေဆုံးတာလဲ ဆိုတာကိုတော့ RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်ကတော့ သူတို့ထိန်းချုပ်နယ်မြေတွေမှာ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက် အကြွင်းအကျန်ရှင်းလင်းရေး လုပ်ဆောင်နေတယ်လို့ ပြောဆိုထားပါတယ်။
RFA က ပြုစုထားတဲ့ စာရင်းတွေအရ ၁၀၂၇ စစ်ဆင်ရေးအပြီးနောက်ပိုင်း ဇန်နဝါရီလကနေ မတ်လအထိ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မိုင်းနဲ့ စစ်လက်နက်အကြွင်းအကျန် ပေါက်ကွဲမှုကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သားဆယ်ဦး သေဆုံးခဲ့ပြီး ၂၉ ဦး ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရပါတယ်။