လောင်းလုံမှာ နေအိမ်တစ်လုံး မီးရှို့ခံရ၊ ကလေးတစ်ဦးသေ ခုနစ်ဦး ဒဏ်ရာပြင်းထန်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်၊ ဒေါင်းရှောင်ကျေးရွာမှာ မတ်လ ၂၁ ရက် ညသန်းခေါင်ယံ အချိန်က မိသားစုတစ်စုရဲ့ နေအိမ်ပတ်လည်ကို ရဲနဲ့ စစ်သားတွေက ရေနံဆီလောင်းပြီး မီးရှို့သွားတဲ့အတွက် ကလေးတစ်ဦး သေဆုံးပြီး ကျန်မိသားစုဝင် ခြောက်ဦး ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိသားစုဝင်တစ်ဦးက ရပ်ရွာလုံခြုံရေးအတွက် ကင်းစောင့်ပြီးအပြန်မှာ ရဲနဲ့ စစ်သားတွေက သူ့နေအိမ် ပတ်ပတ်လည်ကို ရေနံဆီလောင်းပြီး မီးရှို့ခဲ့တဲ့အတွက် အခု သေဆုံးတဲ့ အသက် ၁၃ နှစ်အရွယ် ကလေး တစ်ဦးအပါအဝင် စုစုပေါင်း မိသားစုဝင် ခုနစ်ဦးစလုံး ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာတွေ ရရှိခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ည ၁၁ နာရီကျော်မှာ မီးလောင်တယ်လို့ အကြောင်းကြားတာကြောင့် ကူညီဖို့သွားတဲ့အခါ နေအိမ်က မီးလောင် ပြာကျနေပြီ၊ မိသားစုဝင် ခုနစ်ယောက်ကိုတော့ ငါးမွေးကန်ဘေးမှာ မီးလောင်ဒဏ်ရာတွေနဲ့ တွေ့ရတာကြောင့် ရွာကကားတစ်စီးပါ ထပ်ငှားပြီး ပုဂ္ဂလိကဆေးရုံကို အရေးပေါ် ပို့ဆောင်ပေးခဲ့ပေမယ့် ဆေးရုံကလက်မခံဘူးလို့ အမည်မဖေါ်လိုတဲ့ ပရဟိတကူညီရေး အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
ဒါကြောင့် ဒေသအခြေစိုက် စစ်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သူက ဆိုပါတယ်။ နောက်တစ်ရက်မှာတော့ အဲဒီမိသားစုဝင် ခုနစ်ယောက်ထဲက အသက် ၁၃ နှစ်အရွယ် ကလေးငယ်သေဆုံး သွားခဲ့တယ်လို့ အဲဒီ ပရဟိတ ကူညီရေးအဖွဲ့ဝင်က ပြောပါတယ်။
မိသားစုဝင်တွေ မီးလောင်ဒဏ်ရာရတာ၊ အသက် ၁၃ နှစ်အရွယ် ကလေး သေဆုံးတာကို RFA က အတည်ပြု နိုင်ပေမယ့်၊ သူတို့ရဲ့နေအိမ်ကို ရဲနဲ့စစ်တပ်က အမှန်တကယ် ရေနံဆီလောင်းပြီး မီးရှို့ခဲ့သလား၊ အခြား တစ်စုံတစ်ယောက်က မီးရှို့ခဲ့သလား၊ မတော်တဆမှုကြောင့် နေအိမ်မီးလောင်သလား ဆိုတာကို ဆက်သွယ်ရ ခက်ခဲတာကြောင့် RFA က စုံစမ်း အတည်ပြုနိုင်ခြင်း မရှိပါဘူး။