တရားရုံးသွားသူတွေ ဝတ္တရားနှောင့်ယှက်မှုနဲ့ အရေးယူခံရ
2013.04.08
ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဖြစ်မြောက်ရေး ကော်မတီဝင် ကိုရဲမင်းဦးကို ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှာ ပြီးခဲ့တဲ့ကြာသပတေးနေ့၊ ဧပြီလ ၄ ရက်နေ့ ရုံးထုတ်စစ်ဆေးခဲ့စဉ်က သွားရောက်တွေ့ဆုံဖို့ ကြိုးစားခဲ့သူ ၄ ဦးကို အာဏာပိုင်တွေက တာဝန်ဝတ္တရားနှောင့်ယှက်မှုနဲ့ စွပ်စွဲအမှုဖွင့်ထားပြီး ကျောက်တံတားမြို့နယ် ရဲစခန်းမှာ မနေ့က ခေါ်ယူစစ်ဆေးခဲ့ပါတယ်။
သူတို့အနေနဲ့ အဲဒီလို ဝတ္တရားနှောက်ယှက်ခဲ့ခြင်းမရှိပါဖူးလို့ အမှုကိုသွားရောက်ရင်ဆိုင်သူ ၄ ဦးထဲမှာ ပါဝင်တဲ့ ၈၈မျိုးဆက်ကျောင်းသား ကိုချစ်ကိုလင်းက RFA ကိုပြောပါတယ်။
"ရဲတပ်ဖွဲ့ဝင်တွေရဲ့ တာဝန်ထမ်းဆောင်မှုကို အနှောင့်အယှက်ပြုတယ်၊ ရဲတပ်ဖွဲ့ဝင်တွေကို တွန်းထိုးတယ်၊ ခြိမ်းခြောက်တယ် လူ့အခွင့်အရေး ချိုးဖောက်တဲ့သူတွေ ဆိုပြီးတော့ စွပ်စွဲတယ်၊ ဒီနေ့မှာ ကျောက်တံတားမြို့နယ် ရဲစခန်းမှာသွားပြီး အမှုရင်ဆိုင်တယ် ရဲစခန်းကနေပို့တဲ့ သဝဏ်လွှာမှာပါတဲ့ အချက်အလက်တွေဟာ မှန်ကန်မှုမရှိပါဘူး၊ ကျွန်တော်တို့အနေနဲ့လည်း ဒီလိုခြိမ်းခြောက်တဲ့ စကားတွေလည်းမပြောခဲ့ဘူး၊ တရားရုံးရောက်ရင်လည်း ချိန်းဆိုတဲ့ရုံးချိန်းတွေကိုလည်း မပျက်မကွက်လာပါမယ်ဆိုတဲ့ ကိုယ်ပိုင်ခံဝန်နဲ့ ပြန်လာခဲ့တယ်"
ကိုရဲမင်းဦးနဲ့ စကားပြောခွင့်ပေးဖို့ သူတို့ ၄ ဦးက လုံခြုံရေးယူတဲ့ရဲတပ်ဖွဲ့ကို တောင်းဆိုရာက ရုန်းရင်းဆန်ခတ်ဖြစ်ရင်းနဲ့ အခုလို တာဝန်ဝတ္တရား နှောင့်ယှက်မှုနဲ့ အမှုဖွင့်ခံရတာဖြစ်တယ်လို့လည်း ကိုချစ်ကိုလင်းက ပြောပါတယ်။
လက်ရှိအမှုဖွင့်ခံနေရသူ ၄ ဦးကတော့ ကိုချစ်ကိုလင်း၊ အဖမ်းခံနေရသူ ကိုရဲမင်းဦးရဲ့ညီ ကိုရဲမင်းအောင်၊ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီဝင် ကိုရဲမြတ်ဟိန်းနဲ့ မနွယ်နှင်းရီ တို့ဖြစ်ပြီး သူတို့ကို ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၅၃/ ပုဒ်မ ၅ဝ၆ တို့နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။