ပညာရေးဥပဒေ သပိတ်မှောက်လို့ တရားစွဲခံရသူ ၂၉ ဦး ရှိပြီ
2014.12.17

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်တဲ့အတွက် ပုဒ်မ ၁၈ နဲ့တရားစွဲခံလိုက်ရသူပေါင်း ၂၉ ယောက် ရှိသွားပြီလို့သိရပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ၁၉ ယောက်နဲ့ သူတို့ကိုဝန်းရံကူညီ ပေး တဲ့သူ ၁ဝ ယောက်ဖြစ်တယ်လို့ ဗကသများအဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ကိုမင်းသွေးသစ် က RFA ကိုပြောပါတယ်။
တောင်ငူ၊ မုံရွာ၊ မြင်းခြံနဲ့ ပြည်မြို့နယ်တွေမှာ တရားစွဲ ခံရတာလို့ဆိုပါတယ်။ ဒါပေမဲ့ ကျောင်းသားတွေ အနေနဲ့ ပုဒ်မ ၁၈ ကိုလက်မခံတဲ့အတွက် တရားစွဲလို့အာမခံယူရမှာ၊ ရုံးချိန်းသွားရမှာလက်ခံမှာ မဟုတ်ပဲ သက်ဆိုင်ရာကဖမ်းရင်လိုက်သွားဖို့ဆုံးဖြတ် ထားတယ်လို့ပြောပါတယ်။
အမျိုးသားပညာရေးဥပဒေမှာ အဓိကပြင်ဆင်ရမယ့် အချက် ၉ ချက်ရှိတယ်လို့ ကျောင်းသားတွေက ထောက်ပြ ထားပြီး၊ ဒီကိစ္စတွေကို တွေ့ဆုံဆွေးနွေးပြင်ဆင်ဖို့ တောင်းဆိုထားပါတယ်။
ကျောင်းသားတွေ တရားစွဲခံလိုက်ရအကြောင်းနဲ့ပတ်သက်လို့ ဗကသများအဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ကိုမင်းသွေးသစ်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။