အကြမ်းဖက်နဲ့တရားစွဲခံထားရတဲ့ လက္ကာကျေးရွာသားများအမှု အမိန့်မချဘဲ ထပ်မံရွှေ့ဆိုင်းခံရ

2021.11.06
အကြမ်းဖက်နဲ့တရားစွဲခံထားရတဲ့ လက္ကာကျေးရွာသားများအမှု အမိန့်မချဘဲ ထပ်မံရွှေ့ဆိုင်းခံရ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က လက္ကာရွာသားတွေကို စစ်တွေတရားရုံးမှာ ၂၀၁၉ ဇူလိုင် ၁၈ ရက်နေ့က ရုံးထုတ်စဉ်
Photo: RFA

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာက ရက္ခိုင့်တပ်တော်(AA)နဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်း ဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ ကျေးရွာသား ၂၃ ဦးကို နိုဝင်ဘာလ ၅ ရက်နေ့မှာ အပြီးသတ်အမိန့်ချဖို့ ရုံးချိန်းထားပေမယ့် အမိန့်မချဘဲ ရုံးချိန်းထပ်မံ ရွှေ့ဆိုင်းခံလိုက်ရတယ်လို့ မိသားစုဝင်တွေက RFA ကိုပြောပါတယ်။

အဲဒီ လက္ကာကျေးရွာသား ၂၃ ဦးဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့အညီ ၁၇ဦးတစ်မှု၊ ၁၆ ဦး တစ်မှု ဆိုပြီး နှစ်မှုခွဲ တရားစွဲခံထားရတာပါ။

အဲဒီအထဲကတစ်မှုကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နေ့ ရုံးချိန်းမှာ နှစ်ဘက်ရှေ့နေတွေ အပြီးသတ် လျှောက်လဲလို့အပြီး မနေ့က အမိန့်ချမှတ်ဖို့ကို ရုံးချိန်းပေးခဲ့တာဖြစ်ပါတယ်။

"အမြန်ဆုံး လွှတ်ပေးပါလို့လည်း အထက်ကလူကြီးတွေကို တောင်းဆိုချင်ပါတယ်”

မိသားစုဝင်တွေကလည်း ပြန်လွှတ်တော့မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ မနေ့က ရောက်လာခဲ့ကြပေမယ့် မလွတ်လာဘူးလို့ ဖမ်းဆီးတရားစွဲ ခံထားရတဲ့ လက္ကာကျေးရွာသား ဦးခင်မောင်စိုးရဲ့ အမျိုးသမီး ဒေါ်သိန်းမယဉ်က ပြောပါတယ်။

“ဒီနေ့အမိန့်ချမယ်။ အမိန့်ချရင် လွတ်မယ်ဆိုပြီးလာတာပါ။ အခုကဘာမှလည်း မထူးပါဘူး။ ရုံးတင်ပြီး နောက်ထပ် ၁၉ ရက်နေ့ကို ရုံးပြန်ချိန်းလိုက်ပါတယ်။ သူတို့ပြောတာကတော့ အထက်က စစ်ကောင်စီက လာမယ့်စာကို မျှော်နေတယ်တဲ့။ အဲဒီစာကျမှ လွှတ်ပေးမယ်တဲ့”

ဒေါ်သိန်းမယဉ်ရဲ့ အမျိုးသားဖြစ်သူ ဦးခင်မောင်စိုး အပါအဝင် လက္ကာရွာသား ၂၇ ဦးကို ၂၀၁၉ ခုနှစ်၊ ဧပြီ ၉ ရက်နေ့က ရွာအနားမှာ ဖြစ်ခဲ့တဲ့ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲအပြီး စစ်တပ်က ဖမ်းခေါ်သွား တာ ဖြစ်ပါတယ်။

နောက်ထပ် အမျိုးသားတစ်ဦးကတော့ ၂၀၂၀ ခုနှစ် သြဂုတ်လကပဲ တိမ်ညို စစ်ဘေးဒုက္ခသည်စခန်းကနေ ဖမ်းဆီးခံခဲ့ရတာပါ။

အဲဒီအထဲက ကိုဇော်မျိုးထွန်း၊ ဦးသိန်းထွန်းစိန်နဲ့ ဦးမောင်သန်းနုတို့ သုံးဦးကတော့ စစ်ကြောရေးမှာပဲ သေဆုံးသွားပြီး အသက်မပြည့်သေးတဲ့ ကလေးနှစ်ဦးက ပြီးခဲ့တဲ့ မေလထဲမှာ အမှုရုပ်သိမ်းပေးတာ ခံရတဲ့အတွက် လွတ်မြောက်ခဲ့ပါတယ်။

ကျန်တဲ့ ၂၃ ဦးလုံးကတော့ အခုအချိန်အထိ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)၊ ၅၀(ဈ)၊ ၅၂(က)၊ ၅၄ စတဲ့ပုဒ်မတွေနဲ့ ၂နှစ်ကျော်ကြာ စစ်တွေအကျဉ်းထောင်ထဲကနေ တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

အဲဒီဖမ်းဆီးတရားစွဲခံထားရသူထဲက ဦးခင်မောင်ဝင်းရဲ့အမျိုးသမီးဖြစ်သူ မချိုချိုသန်းကတော့ အမျိုးသား ဖြစ်သူ ဖမ်းဆီးတရားစွဲခံထားရတာ အချိန်နှစ်နှစ်ကျော်သွားပြီ ဖြစ်တာကြောင့် မိသားစုဝင်တွေဟာ တော်တော်လေးကို အခက်အခဲဖြစ်နေကြပြီလို့ ပြောပါတယ်။

“အမိန့်ချမယ်။ လွှတ်မယ်ဆိုပြီး သတင်းကြားလို့ ကျွန်မတို့ လိုက်လာခဲ့တာပါ။ အခုက သွားစရိတ် လာ စရိတ်လည်း မရှိဘူး။ တော်တော်လေးကို ဒုက္ခဖြစ်နေတယ်။ အခုလည်း မလွှတ်ပေးတော့ ရှေ့ဆက်ပြီး ကျွန်မတို့ ဘယ်လိုနေထိုင်ရမလဲ။ စားရေးသောက်ရေးလည်း အဆင်မပြေဘူး။ ရွာမှာ အလုပ်အကိုင်လည်း မရှိဘူး။ အမျိုးသားမရှိတော့ ပိုပြီး ဒုက္ခရောက်ပါတယ်။ အမြန်ဆုံး အမိန့်ချပေးစေချင်ပါတယ်။ အမြန်ဆုံး လွှတ်ပေးပါလို့လည်း အထက်ကလူကြီးတွေကို တောင်းဆိုချင်ပါတယ်”

အမျိုးသားရှိစဉ်တုန်းက ပိုင်ဆိုင်ထားတဲ့အရာအားလုံးလည်း ရောင်းချလိုက်ရပြီဖြစ်သလို ငွေကြေးအကျပ် အတည်းတွေကြောင့် အမျိုးသားဖြစ်သူရဲ့ ရုံးချိန်းနဲ့ ထောင်ဝင်စာ သွားမပေးနိုင်တာလည်း ၆ ပတ်လောက် တောင်ရှိသွားပြီလို့လည်း ဆိုပါတယ်။

အဲဒီလက္ကာကျေးရွာသားတွေရဲ့ အမှုကိုကူညီဆောင်ရွက်ပေးတဲ့နေတဲ့ ရခိုင်အမျိုးသမီးများကွန်ရက်က ဥက္ကဋ္ဌ ဒေါ်ညိုအေးကတော့ သူတို့တွေကို အမြန်ဆုံးတရားစီရင်ပြီး လွှတ်ပေးသင့်ပြီလို့ ပြောပါတယ်။

“သူတို့ကို အမြန်ဆုံးတရားစီရင်ပြီးတော့ လွှတ်ပေးသင့်ပြီးလို့ ကျွန်မ ပြောချင်ပါတယ်။ လွှတ်လည်း လွှတ်ပေးဖို့ ကောင်းနေပါပြီ။ လူသားတွေကို ဒီလောက်ထိ လူသားမဆန်စွာ ချုပ်နှောင်မထားသင့်ဘူးလို့ ယူဆပါတယ်”

ဖမ်းဆီးတရားစွဲခံထားရတဲ့ လက္ကာကျေးရွာသားတွေရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ အထက်တန်း ရှေ့နေ ဦးခိုင်သန့်ဇင်ကတော့ တရားရုံးကနေ အဆင်သင့်မဖြစ်သေးတာကြောင့် ဒီကနေ့မှာ အမိန့်မချတာ ဖြစ်တယ်လို့ ပြောပါတယ်။

“လွန်ခဲ့တဲ့အပတ်က အမိန့်ချမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမဲ့ တရားရုံးကအဆင်သင့်မဖြစ်သေးလို့ ဒီနေ့ အမိန့်မချခဲ့ဘူး။ ၂/၂၀၂၀ အမှုကိုကျတော့ ဒီနေ့ အပြီးသတ်လျှောက်လဲချက်ပေးခဲ့တယ်။ နောက်တစ်ပတ် လာမယ့် ၁၉ ရက်နေ့ကို ရုံးချိန်းလိုက်ပါတယ်။ တရားသူကြီး အပြောင်းအရွှေ့တွေရှိတာကို ဒါကြောင့် အဆင်သင့်မဖြစ်သေးလို့ ဒီနေ့ အမိန့်မချလိုက်တာပါ”

ကျန်တဲ့အမှုတစ်ခုအတွက်လည်း မနေ့က လျှောက်လဲချက်ပေးခဲ့ပြီး လာမယ့် နိုဝင်ဘာလ ၁၉ ရက်နေ့မှာ အမှု နှစ်ခုလုံးအတွက် အပြီးသတ်အမိန့်ချဖို့ တရားရုံးကနေ ချက်မှတ်လိုက်တယ်လို့လည်း ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က ရက္ခိုင့်တပ်တော် (AA) ကို စစ်ကောင်စီကနေ အကြမ်းဖက်အဖွဲ့အဖြစ်ကနေ ပြန်လည်ရုပ်သိမ်းပြီးနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်းက အကြမ်းဖက်နဲ့တရား စွဲ ခံထားရတဲ့ ကလေးသူငယ်အမှုတွေ အပါအဝင် အမှုအချို့ကို ပြန်ရုပ်သိမ်းပေးခဲ့တာတွေရှိပါတယ်။

ဒါပေမဲ့ နှစ်ရှည်ကြာဖမ်းဆီးခံထားရတဲ့ အဲဒီလက္ကာကျေးရွာသားတွေ အပါအဝင် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးစတဲ့ မြို့နယ်တွေနဲ့ တခြားမြို့နယ်က ဒေသခံ ၁၀၀ ကျော်ကတော့ အခုအချိန်ထိ အကြမ်းဖက်ဥပဒေ နဲ့ ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ အရပ်ဖက်အဖွဲ့တွေရဲ့ စာရင်းအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။