လယ်ဝေးမှာ လေဆင်နှာမောင်းကြောင့် ရှစ်ဦးသေဆုံးပြီး နေအိမ် ၂၃၂ လုံး ပျက်စီး

RFA Burmese
2023.04.22
လယ်ဝေးမှာ လေဆင်နှာမောင်းကြောင့် ရှစ်ဦးသေဆုံးပြီး နေအိမ် ၂၃၂ လုံး ပျက်စီး နေပြည်တော်၊ လယ်ဝေးမြို့နယ်မှာ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့က လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသွားသည့် နေအိမ်အဆောက်အအုံများအား တွေ့ရစဉ်။
ဒို့လယ်ဝေး ပရဟိတလူငယ်များ

နေပြည်တော်၊ လယ်ဝေးမြို့နယ်မှာ ဧပြီလ ၂၁ ရက်နေ့ ညနေ ၆ နာရီ ၁၀ မိနစ်မှာ လေဆင်နှာမောင်းတိုက်ခတ်ခဲ့တာကြောင့် အောင်မြင်ကုန်းနဲ့ တံတားဦးရွာက နေအိမ် ၂၃၂ လုံး ပျက်စီးခဲ့ပြီး လူရှစ်ဦး သေဆုံး ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူ ၁၂၈ ဦးအထိရှိလို့ ခုတင် ၁၀၀ နဲ့ ခုတင် ၁၀၀၀ ပြည်သူ့ဆေးရုံတွေကို ပို့ဆောင်ခဲ့ရပြီး အဲဒီအထဲ ဧပြီလ ၂၂ ရက် ဒီနေ့မှာ နှစ်ဦး ထပ်မံသေဆုံးသလို ဆေးရုံက ပြန်ဆင်းတဲ့သူတွေလည်း ရှိတယ်လို့ ဒို့လယ်ဝေး ပရဟိတအသင်းက ပြောပါတယ်။

လေဆင်နှာမောင်းတိုက်ချိန်မှာ သေဆုံးသွားသူတွေက အသက် ၃၅ နှစ်အရွယ် ဦးထွန်းဝင်း၊ အသက် ၃၀ အရွယ် ကိုကျော်စွာမြင့်၊ အသက် ၃၅ နှစ်အရွယ် ဒေါ်မာမာစိုး၊ အသက် ၆၅ နှစ်အရွယ် ဒေါ်တင်မြ၊ အသက် ၆၀ အရွယ် ဒေါ်ကြည်နဲ့ အသက် ၇၀ အရွယ် ဦးမြအောင်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ပျောက်ဆုံးသူနှစ်ဦးရှိပြီး ဘယ်သူဘယ်ဝါဆိုတာတော့ အတည်မပြုနိုင်သေးဘူးလို့ ဒို့လယ်ဝေး ပရဟိတအသင်း ဥက္ကဋ္ဌ ဦးသက်ပိုင်စိုးက RFA ကို ပြောပါတယ်။

“ထိခိုက်ပျက်စီးတာတော့ အားလုံးနီးပါးပဲ။ အောင်မြင်ကုန်းမှာက အိမ်သုံးလုံးပဲ ကျန်တယ်။ ပျောက်ဆုံး နေတာတော့ နှစ်ဦးရှိတယ်။ ဒါပေမဲ့ ရုတ်ရုတ်သဲသဲဖြစ်နေတုန်း ဆိုတော့ ဘယ်သူဘယ်ဝါ တိတိကျကျ အတည်မပြုနိုင်သေးဘူး”

မိနစ်လေးဆယ်ဝန်းကျင် တိုက်ခတ်ခဲ့တဲ့ လေဆင်နှာမောင်းကြောင့် အောင်မြင်ကုန်းရွာက နေအိမ် ၁၅၅ လုံးနဲ့ တံတားဦးရွာက နေအိမ် ၇၇ လုံး ပျက်စီးခဲ့တယ်လို့လည်း ဒေသခံတွေ က ပြောပါတယ်။

ထိခိုက်ပျက်စီးသွားတဲ့ ရွာနှစ်ရွာကိုတော့ အားလုံးဝိုင်းဝန်းပြီး ရှင်းလင်းနေသလို ပြန်လည် ပြုပြင်တာတွေပါ လုပ်ပေးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဧပြီလ ၂၁ ရက်နေ့ သတင်းမှာတော့ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အောင်မြေကုန်းရွာက နေအိမ် ၁၅၅ လုံးနဲ့ တံတားဦးရွာက နေအိမ် ၇၇ လုံး ထိခိုက်ပျက်စီး ပြီး ထိခိုက်ဒဏ်ရာရသူ ကျား ၃၇ ဦး၊ မ ၇၂ ဦး စုစုပေါင်း ၁၀၉ ဦးကို ပြည်သူ့ဆေးရုံ ပို့ဆောင် ကုသပေးလျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။