ဖမ်းမိတဲ့သစ်တွေကို လေလံစနစ်နဲ့ ရောင်းချမှုကို ယာယီရပ်ဆိုင်း
2018.01.03
သစ်တောဦးစီးဌာနက ဖမ်းဆီးရမိတဲ့သစ်တွေကို တိုင်းနဲ့ပြည်နယ်တွေမှာ လေလံစနစ်နဲ့ ရောင်းချနေတာကို ဒီနှစ် နှစ်ဆန်းပိုင်းကစပြီး ယာယီရပ်ဆိုင်းမယ်လို့ သစ်တောဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဒေသခံတွေအသုံးပြုလို့ရအောင် ဖမ်းဆီးရမိထားတဲ့သစ်တွေကို လေလံစနစ်နဲ့ ရောင်းချပေမယ့် တချို့နေရာတွေမှာ သတ်မှတ်ထားတဲ့ တိုင်းနဲ့ ပြည်နယ် ဧရိယာထက်ကျော်လွန်ပြီး သယ်ဆောင်တာတွေ တွေ့ရှိတာကြောင့် ပြန်လည် စိစစ်ဖို့ ယာယီရပ်ဆိုင်းတာဖြစ်တယ်လို့ သစ်တောဦးစီးဌာန၊ သဘာဝတောနှင့် စိုက်ခင်းလုပ်ငန်း ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်သူ က ပြောပါတယ်။
"ကျနော်တို့ ဒီကနေ လေလံပစ်လိုက်တဲ့ကိစ္စတွေက သစ်တောက ပစ်တာတွေက တိုင်းအတွင်းပဲလေ။ တိုင်းဒေသကြီးအတွင်းကိုပဲ သုံးစွဲရမှာလေ။ အဲဒါနဲ့ပတ်သက်ပြီး ပြန်လည်ပြီးတော့မှ တိုင်းဒေသကြီးပြင်ပကို သယ်ယူခြင်း ရှိ၊ မရှိ ပြန်စိစစ်နေတုန်းမို့လို့ခင်ဗျ။ အဲဒါကြောင့် ခဏဆိုင်းငံ့ထားတာ။ ရည်ရွယ်ချက်က သူ့တိုင်း ထဲမှာရှိတဲ့ပြည်သူတွေ ဈေးသက်သက်သာသာနဲ့ သုံးလို့ရအောင်ဆိုပြီး ကျနော်က ပစ်ပေးတာလေ။ တချို့က တိုင်းကနေကျော်ပြီး သယ်ယူတာတွေ စစ်ဆေးတွေ့ရှိရလို့ပေ့ါနော်။ သယ်ယူခွင့်မရှိဘဲ သယ်ယူတာတွေ စစ်ဆေးတွေ့ရှိရလို့ ကျနော်တို့က အဲဒါကို ပြန်လည်စိစစ်နေတုန်းမို့လို့ ခဏရပ်ထားတာပါခင်ဗျ"
လေလံတင်ရောင်းချခွင့် ယာယီရပ်ဆိုင်းတဲ့ သစ်တွေထဲမှာ အဖိုးတန်ပုံစံ ၈ ဝင် ကျွန်း၊ ပိတောက်၊ တမလန်းနဲ့ သင်းဝင် စတဲ့သစ်တွေပါဝင်ပါတယ်။
သစ်တောဦးစီးဌာနက ဖမ်းမိတဲ့သစ်တွေကို မြန်မာ့သစ်လုပ်ငန်းကို လွှဲပြောင်းပေးတာဖြစ်ပြီး မြန်မာ့သစ်လုပ်ငန်း ကနေ လက်မခံတဲ့သစ်တွေကို တိုင်းနဲ့ပြည် နယ်တွေမှာ လေလံစနစ်နဲ့ ရောင်းချတာဖြစ်ပါတယ်။
အဲဒီလိုရောင်းချတဲ့အခါမှာ လေလံတင်ရောင်းချရေးကော်မတီဖွဲ့စည်းတာနဲ့ လိုက်နာဆောင်ရွက်ရမယ့် လေလံ စည်းကမ်းချက်တွေကို ပြန်စိစစ်၊ သုံးသပ်၊ ပြင်ဆင်ဆောင်ရွက်မှာဖြစ်တာကြောင့် ယာယီရပ်နားတာဖြစ်တယ် လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။