ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ကယားအစိုးရ သတင်းစာရှင်း


2018.07.23
loikaw-bogyoke-statue-press-622.jpg ကယားပြည်နယ်မှာ ဗိုလ်ချုပ်ကြေးရုပ်ထားရှိမယ့် ကိစ္စနဲ့ပတ်သက်ပြီး ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့ ရှင်းလင်းစဉ်
ဓါတ်ပုံ - ဆြာ ချစ် - ဖေ့စ်ဘွတ်

ကယားပြည်နယ်မှာ ဗိုလ်ချုပ်ကြေးရုပ်ထားရှိမယ့်ကိစ္စနဲ့ ပတ်သက်ပြီး ပြဿနာတွေထပ်မံဖြစ်ပွားလာရင် ပြည်နယ်အစိုးရရဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးကို တာဝန်ပေးသွားမှာဖြစ်တယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

ဗိုလ်ချုပ်ကြေးရုပ်တု ထားရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးနဲ့ ပတ်သက်ပြီး မငြိမ်သက်မှုတွေ ထပ်ဖြစ်လာရင် ဘယ်လိုဖြေရှင်းဆောင်ရွက်သွားမလဲလို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးက မေးမြန်းရာမှာ ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုက အခုလို ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

"ဗိုလ်ချုပ်ကြေးရုပ် ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ တကယ်လို့ မငြိမ်မသက်ဖြစ်လာခဲ့ရင် လုပ်ထုံးလုပ်နည်း ဥပဒေနဲ့အညီ ဆောင်ရွက်မှာဖြစ်ပါတယ်၊ ပြည်နယ်အစိုးရအဖွဲ့ဘက်က သက်ဆိုင်ရာ ဝန်ကြီးတွေကို ကဏ္ဍအလိုက် ခန့်အပ်တာဝန်ပေးထားပြီး ဖြစ်ပါတယ်၊ တပ်မတော်နဲ့ ပတ်သက်ရင် ပြည်နယ်အစိုးရအဖွဲ့မှာ တာဝန်ယူထားတဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးအဖြစ်တာဝန်ယူနေတဲ့ ကျနော့်ရဲ့အောက်မှာ တာဝန်ထမ်းဆောင်တဲ့ လုံနယ်ဝန်ကြီးကိုပဲ ကျနော်က တာဝန်ပေးရမှာ ဖြစ်ပါတယ်"

ဒါ့အပြင် ပြည်နယ်အစိုးရက ဖွဲ့စည်းထားတဲ့ ရုပ်တုဖြစ်မြောက်ရေး ကော်မတီကို ဖျက်သိမ်းလိုက်ပြီး ဒေသခံတွေ၊ လူမှုရေးအဖွဲ့တွေက ကော်မတီအသစ်ဖွဲ့ပြီး ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။ အဲဒီရုပ်တုကို အများပြည်သူထည့်ဝင်လှူဒါန်းငွေနဲ့ ပြည်နယ်အစိုးရအဖွဲ့ရဲ့ အထွေထွေပိုလျှံရန်ပုံငွေတွေ စုပေါင်းပြီး ဆောက်လုပ်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီရုပ်တုအတွက် ငွေကျပ်သိန်း ၈ဝဝ ကုန်ကျခံဆောက်လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ကယားပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် အပါအဝင် ပြည်နယ်အစိုးရအဖွဲ့ဝင်တွေဖြစ်တဲ့ ပြည်နယ် အတွင်းရေးမှူး၊ စည်ပင်သာယာရေး ဝန်ကြီး၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးနဲ့ ပြည်နယ်ရဲတပ်ဖွဲ့မှူး တို့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ ဗိုလ်ချုပ်ကြေးရုပ်ထားရှိမယ့်အပေါ် ကန့်ကွက်နေတဲ့ လူငယ်အဖွဲ့တွေဘက်က စုစုပေါင်း ၁၈ ယောက်ဟာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅ဝ၅ (ခ) (ဂ)၊ ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉၊ ၂ဝ တို့နဲ့ တရားရင်ဆိုင်နေရပါတယ်။

ဗိုလ်ချုပ်ကြေးရုပ်ထားရှိမယ့်အပေါ် ကန့်ကွက်နေတဲ့ လူငယ်အဖွဲ့တွေဘက်ကလည်း မနက်ဖြန် ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။