လွိုင်ကော် ကုန်းသာရွာ လေကြောင်းတိုက်ခိုက်မှု စစ်ရာဇဝတ်မှုဖြစ်ကြောင်း NUG ပြော
2024.04.22

ကယားပြည်နယ် (ကရင်နီပြည်)၊ လွိုင်ကော်မြို့နယ်၊ ကုန်းသာရွာကို ဧပြီလ ၂၀ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေး ဝန်ကြီးဌာနက ဧပြီလ ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒါကြောင့် စစ်ကောင်စီရဲ့ ကျူးလွန်နေမှုတွေကို အပြစ်ပေးအရေးယူနိုင်ဖို့ အစွမ်းကုန်ဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။
ကုန်းသာရွာမှာ နှစ်ဖက်တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် ဒေသခံခြောက်ဦး သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် အရပ်သားနှစ်ဆယ်ခန့် ဒဏ်ရာရခဲ့ပြီး နေအိမ်အလုံးနှစ်ဆယ်နီးပါးလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်က Su-30 (ပြာစိမ်း) ဂျက်တိုက်လေယာဉ်အသုံးပြုခဲ့ပြီး ပေါင်သုံးရာ ဗုံးနှစ်လုံးကြဲချခဲ့တာလို့ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရသူ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်မောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ကုန်းသာရွာဟာ အိမ်ခြေနှစ်ရာနီးပါးနဲ့ လူဦးရေ ခုနစ်ရာကျော် ရှိတဲ့ရွာဖြစ်ပြီး တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းက နေရပ်စွန့်ခွာထွက်ပြေးနေခဲ့ရာက ၂၀၂၃ ခုနှစ်မှာမှ ရွာထဲကို ပြန်လည်ဝင်ရောက် နေထိုင်ကြရတာပါ။
တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ ဧပြီလ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်း သုံးနှစ်အတွင်း ရှမ်းပြည်နယ် တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းနဲ့ ကယားပြည်နယ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်တာအပြင် လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၄၈၁ ဦး သေဆုံးခဲ့ပါတယ်။