လက်ပံတောင်းသပိတ်စခန်း ဖြိုခွင်းခံရမှု ရှစ်နှစ်ပြည့် အစီအစဉ် ရန်ကုန်မှာပြုလုပ်

နေမျိုးထွန်း
2020.11.29
လက်ပံတောင်းသပိတ်စခန်း ဖြိုခွင်းခံရမှု ရှစ်နှစ်ပြည့် အစီအစဉ် ရန်ကုန်မှာပြုလုပ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး သပိတ်စခန်းဖွင့် ဆန္ဒပြနေသူတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းခဲ့တာ ရှစ်နှစ်ပြည့် နှစ်ပတ်လည်နေ့ အစီအစဉ်ကို ရန်ကုန်မြို့တော် ခန်းမရှေ့မှာ ၂၀၂၀၊ နိုဝင်ဘာ ၂၉ ရက်နေ့က ကျင်းပစဉ်
ဓာတ်ပုံ - နေမျိုးထွန်း/ RFA


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး သပိတ်စခန်းဖွင့် ဆန္ဒပြနေသူတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းခဲ့တာ ရှစ်နှစ်ပြည့် နှစ်ပတ်လည်နေ့ အစီအစဉ်ကို ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတချို့နဲ့ သံဃာတော်တွေက ဒီနေ့ ကျင်းပခဲ့ပါတယ်။

သပိတ်စခန်းကို အကြမ်းဖက်ဖြိုခွင်းမှုမှာ တာဝန်ရှိသူတွေက ထိခိုက်ဒဏ်ရာရခဲ့တဲ့ သံဃာတော်တွေကို ဝန်ချတောင်းပန်တာတွေ ဒီနေ့အထိ မလုပ်သေးတာကြောင့် အောက်မေ့ဖွယ်အစီအစဉ်တွေကို နှစ်စဉ်ကျင်းပနေတာလို့ အကြမ်းဖက် ဖြိုခွင်းတာကြောင့် ဒဏ်ရာရခဲ့တဲ့ ဆရာတော် ဦးဝဏ္ဏသိဒ္ဓိက မိန့်ပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းဖို့ ၂၀၁၂ ခုနှစ်က သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့ရာမှာ နိုဝင်ဘာ ၂၉ ရက်နေ့မှာ ရဲတပ်ဖွဲ့က မီးလောင်ဗုံးသုံးပြီး အကြမ်းဖက် ဖြိုခွဲခဲ့တာကြောင့် ဆန္ဒပြ သံဃာတော်တွေ ထိခိုက်ဒဏ်ရာ ရခဲ့တာပါ။

အဲဒီလို အကြမ်းဖက်ဖြိုခွင်းတာကို ဝေဖန်မှုတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လက်ပံတောင်း ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို အစိုးရက ဖွဲ့စည်းဆောင်ရွက်ခဲ့ပါတယ်။

ဒါပေမဲ့ ကြေးနီစီမံကိန်းကို ကန့်ကွက်ဆန္ဒပြတာတွေက ဆက်ရှိနေပြီး သပိတ်စခန်းဖြိုခွင်းတဲ့ နိုဝင်ဘာ ၂၉ ရက်နေ့ရောက်တိုင်း နှစ်စဉ် ဆန္ဒပြကန့်ကွက်တာတွေလည်း ရှိပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို မြန်မာ့စီးပွားရေးဦးပိုင်နဲ့ တရုတ်နိုင်ငံပိုင် မြန်မာဝမ်ပေါင်ကုမ္ပဏီတို့ ပူးပါင်းဆောင်ရွက်ဖို့ တပ်မတော် အစိုးရလက်ထက်မှာ ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

အဲဒီစီမံကိန်းအတွင်းမှာရှိတဲ့ ရွာ လေးရွာကိုလည်း ရွှေ့ပြောင်းခဲ့ရပြီး ဒေသခံတွေရဲ့ လယ်ယာမြေ ဧက ၇၈၀၀ ကျော်လည်း သိမ်းဆည်းခံခဲ့ရတာဖြစ်ပါတယ်။ သိမ်းဆည်းခဲ့တဲ့ လယ်ယာမြေတွေအတွက် လျော်ကြေးကို လက်မခံသေးတဲ့ ဒေသခံတွေလည်း ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။