မဘသ ဆိုင်းဘုတ်ဖြုတ်ရေး အတင်းအကြပ် မလုပ်
2017.07.21

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ ( မဘသ ) ဆိုင်းဘုတ်တွေ ဖြုတ်သိမ်းရေးအတွက် ညှိနှိုင်းဆောင် ရွက်ဖို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ညွှန်ကြားလိုက်ကြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးတဦး က ပြောပါတယ်။
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းက သရက်တောကျောင်းတိုက်မှာ မဘသဆိုင်းဘုတ်စိုက်ထူထားတာရှိပြီး စိုက်ထူထားသူတွေဘက်က ဖြုတ်သိမ်းမယ့်အချိန်ကိုသာ ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ စောင့်ကြည်နေတယ်လို့ ကရင်ပြည်နယ်အစိုးရ မွန်တိုင်းရင်းသားရေးရာ ဝန်ကြီးဦးမင်းတင်ဝင်း ကပြောပါတယ်။
"ကျနော်တို့ဘက်ခြမ်းကတော့ အစိုးရဘက်ခြမ်းကျတော့ ဒါကိုကျနော်တို့ကြည့်နေတယ်။ ဒါကိုဖြုတ်ပေး ပါလို့ နိုင်ငံတော်က ပြောထားတဲ့ကိစ္စကို သူတို့ဘာသာ သူတို့အသိနဲ့ ဖြုတ်လာအောင်ပဲ ကျနော်တို့ လုပ်မယ်။ ကျနော်တို့ အတင်းပဲဝင်ပြီးမှ မဖြုတ်ရင်ဘယ်သို့ဘယ်ညာဆိုပြီး ညွှန်ကြားချက်သွားပြခြင်းမျိုး မရှိဘူး။ ကျနော်တို့က မလုပ်သေးဘူး။ သို့သော်အခုကြားနေရတာကတော့ ဖြည်းဖြည်းသူတို့ဘာသာ သူတို့ ဖြုတ်လာမယ်လို့တော့ သိထားရပါတယ်။ ကျနော်တို့က ထိလွယ်ရှလွယ်တဲ့အလုပ်မျိုးမို့ အတင်းကောအဓမ္မကော ဝင်လုပ်တာမျိုး မလုပ်ချင်သေးလို့ပါ။"
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က တစ်နိုင်ငံလုံးက မဘသဆိုင်းဘုတ်တွေကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ဖြုတ်သိမ်းဖို့ ညွှန်ကြားထားပေမယ့် မန္တလေးတိုင်းနဲ့ ကရင်ပြည်နယ်မှာ မဘသ ဆိုင်းဘုတ်တွေကို လက်ရှိအချိန်အထိ မဖြုတ်သိမ်းသေးပါဘူး။
ဒါ့အပြင် ဇူလိုင်လ ၁၆ ရက်နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့ သရက်တောကျောင်းတိုက်မုခ်ဦးမှာ စိုက်ထူထားတဲ့ မဘသ ဆိုင်းဘုတ်ဟာ ဟောင်းနွမ်းနေလို့ဆိုပြီး ဆိုင်းဘုတ်သစ်တင်တဲ့ အခမ်းအနားပြုလုပ်ခဲ့ ပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကရင်ပြည်နယ်အတွင်းက မဟန ဆရာတော်တွေက သက်ဆိုင်ရာ မဘသဆရာတော်တွေ ကို ခေါ်ယူတွေ့ဆုံခဲ့တာတွေရှိတယ်လို့ သိရပါတယ်။
ဇူလိုင်လ ၁၅ ရက်နေ့နောက်ပိုင်းမှာ ကရင်ပြည်နယ်အတွင်းက မဘသဆရာတော်တွေအနေနဲ့ သရက်တောကျောင်းတိုက်မှာ မဘသဆိုင်းဘုတ် စိုက်ထူထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး တိုင်းအစိုးရအဖွဲ့နဲ့ ဆက်သွယ် တာမျိုး မရှိသလို အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ပတ်သက်ပြီးလည်း တုန်ပြန့်ပြောဆိုတာ မရှိသေးဘူးလို့ ဝန်ကြီး ဦးမင်းတင်ဝင်း ကပြောပါတယ်။