မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်ရေး ကော်မတီဖွဲ့စည်း
2024.10.09
မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနဲ့ မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီကို အစုအဖွဲ့ ခြောက်ခုက ကိုယ်စားလှယ် ၄၃ ယောက်နဲ့ ဖွဲ့စည်းလိုက်တယ်လို့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
အောက်တိုဘာ ၈ ရက်မှာ လွှတ်တော်ခေါ်ယူပြီး ဖွဲ့စည်းလိုက်တာလို့ အဲဒီ ကော်မတီလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ ကိုယ်စားလှယ် ဦးမြင့်အောင်မိုး က RFA ကို ပြောပါတယ်။
“ ကြားကာလပေါ့ တော်လှန်ရေးကာလအတွင်းမှာပဲ မြို့တွေသိမ်းနိုင် ထိန်းနိုင်သွားတဲ့ ဒေသတွေမှာ အုပ်ချုပ်ရေးတွေ စနစ်တကျဖြစ်နိုင်ဖို့ရယ်၊ NUG အစိုးရကနေမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကို တိုက်ရိုက် တိုင်းနဲ့ပြည်နယ်အားလုံးကို လုပ်ရတဲ့အခါမှာ ဝန်ထုပ်ဝန်ပိုးတွေ လျော့သွားပြီးတော့မှ မန္တလေးဒေသနိုင်ငံရေး အစီအမံကနေ ပေါ်ထွက်လာမယ့် အစိုးရတွေပေါ်ထွက်လာရင် ကိုယ့်ဒေသကို စနစ်တကျစီမံခန့်ခွဲနိုင်ဖို့ လုပ်ငန်းစဉ်တွေပါ ပါမယ်၊ ကြားကာလလွန်မြောက်တဲ့အခါမှာ အသွင်ကူးပြောင်းရေးကာလအတွက် ကြိုတင်ပြီးတော့မှ နိုင်ငံရေးအစီအမံတွေ ရှာဖွေဖော်ထုတ်ဖို့ လုပ်ငန်းစဉ်တွေ ပါ ပါမယ်၊ ဒါတွေလုပ်နေရင်းနဲ့ပဲ ကျွန်တော်တို့နဲ့ မချိတ်ဆက်မိသေးဘူး ကျန်နေသေးတဲ့ မန္တလေးဒေသတွင်းမှာရှိတဲ့ ကျန်တဲ့အင်အားစုတွေကို လိုက်လံချိတ်ဆက်မယ်၊ တစ်သားတည်း မန္တလေးဒေသအတွက် အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ အများကြီးရှိပါတယ်ဗျ“
အဲဒီကော်မတီမှာ ၂၀၂၀ ရွေးကောက်ပွဲတုန်းက မန္တလေးတိုင်းကနေ အနိုင်ရခဲ့ပြီး စစ်ကောင်စီနဲ့ လုံးဝ မပူးပေါင်းဘဲ တော်လှန်ရေးမှာ ဒီနေ့ထိပါဝင်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က (၁၂) ယောက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) တို့က နိုင်ငံရေးပါတီတွေ အစုအဖွဲ့အနေနဲ့ သုံးယောက်၊ လူထုသပိတ်အဖွဲ့၊ CDM အဖွဲ့၊ သမဂ္ဂနဲ့အရပ်ဖက်အဖွဲ့၊ အလုပ်သမား၊ လယ်သမား၊ အမျိုးသမီး၊ မသန်စွမ်း၊ LGBTIQ၊ ကျောင်းသား/လူငယ်ရေးရာ အစုအဖွဲ့က (၁၅) ယောက်၊ ကြားကာလ NUG အစိုးရရဲ့ မန္တလေးဒေသတွင်း ပြည်သူ့အုပ်ချုပ်ရေးနဲ့ ကာကွယ်ရေး ကဏ္ဍအစုအဖွဲ့က လေးယောက်၊ မန္တလေးတိုင်းအတွင်းက လူနည်းစု ကချင်နဲ့ ရှမ်း လူမျိုးအစုအဖွဲ့က လေးယောက်နဲ့ ပါဝင်သင့်၊ ပါဝင်ထိုက်သူတွေ အစုအဖွဲ့က ငါးယောက် ပါဝင်ပါတယ်။
ဒီကော်မတီ ဖွဲ့လိုက်တာကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့ခဲ့ပြီး ကော်မတီက ရေးဆွဲမယ့် ကြားကာလ အစီအမံဟာ မန္တလေးဒေသ အတွက် တော်လှန်ရေးကာလရဲ့ ရှေ့ဆောင်လမ်းပြ မြေပုံဖြစ်သလို အသွင်ကူးပြောင်းရေးကာလရဲ့ လမ်းစလည်း ဖြစ်လိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း ပြောပါတယ်။