မတ္တရာမှာ သံချပ်ကာယာဉ်တစ်စီးကို ဖျက်ဆီးလိုက်နိုင်ကြောင်း NUG ပြော

RFA Burmese
2024.07.08
မတ္တရာမှာ သံချပ်ကာယာဉ်တစ်စီးကို ဖျက်ဆီးလိုက်နိုင်ကြောင်း NUG ပြော စစ်ကောင်စီတပ်၏ သံချပ်ကာယာဉ်တချို့ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့က တွေ့ရစဉ်။
Myanmar Military

မန္တလေးတိုင်း မတ္တရာမြို့နယ်က ဇူလိုင်လ ၆ ရက်နေ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ သံချပ်ကာယာဉ်တစ်စီးကို တိုက်ခိုက်ဖျက်ဆီးလိုက်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မန္တလေးမြို့ကလာတဲ့ သံချပ်ကာယာဉ် နှစ်စီးအနက် တစ်စီးကို RPG-7 သုံးကြိမ်ပစ်ခတ်တိုက်ခိုက်ရာမှာ ကားဘီးတွေ ပျက်စီးသွားတာကြောင့် ကျန်တစ်စီးနဲ့ ဆွဲခေါ်ပြီး နောက်ပြန်ဆုတ်သွားတာလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ပြင်ဦးလွင် ခရိုင် ပကဖ၊ မတ္တရာ မြို့နယ် ပကဖ၊ မတ္တရာ မြို့နယ် တိုက်နယ် (၂) ပကဖ၊ ပြင်ဦးလွင် ခရိုင် အမှတ် (၁) တပ်ဖွဲ့တို့က ပူးပေါင်းပြုလုပ်ခဲ့တာလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ဇူလိုင်လ ၆ ရက်နဲ့ ၇ ရက် နှစ်ရက်တာ တိုက်ခိုက်မှုအတွင်းမှတော့ လက်နက် ကိုးလက် သိမ်းဆည်းရမိသလို စစ်ကောင်စီတပ်သားတချို့ကိုလည်း ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကတော့ မတ္တရာမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းပေါင်း ၂၅ ခုကို သိမ်းယူထားတယ်လို့ ဇူလိုင်လ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် မတ္တရာမြို့ပေါ်ကလွဲလို့ တစ်မြို့နယ်လုံးနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။