မထသ ကို ဖျက်ပြီ
2016.06.23

မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (မထသ) ကို ဖျက်သိမ်းပြီး အများပြည်သူ သယ်ယူ ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ကို လာမယ့် ၃ လအတွင်း ဖွဲ့စည်းသွားဖို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ညွှန်ကြားထားပါတယ်။
လက်ရှိစနစ်မကောင်းတဲ့ ခရီးသွားလုပ်ငန်းကို စနစ်ပြောင်းဖို့အတွက် မ.ထ.သ အဖွဲ့ကို ဖျက်သိမ်းပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ ဖွဲ့စည်းဖို့ ဝန်ကြီးချုပ်ကပြောကြောင်း မထသ (မြို့တွင်း) ကော်မတီ (ယာယီ) ဥက္ကဌ ဦးမင်းဇော် က ပြောပါတယ်။
"လက်ရှိစနစ်က မကောင်းခဲ့ဘူးလေ၊ စနစ်ပြောင်းဖို့အတွက်ကို မထသ တွေ ဖျက်သိမ်းပြီးတော့ အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ ဖွဲ့ဖို့ဆိုတာသေချာသွားပြီ၊ နောက် ၃ လကျော် ၄ လအတွင်း ဆောင်ရွက် မယ်လို့ ပြောပါတယ်"
ယာဉ်ကြောကျပ်တည်းမှုတွေ၊ ယာဉ်မတော်တဆဖြစ်မှုတွေ စတဲ့ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့က မော်တော်ယာဉ်လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲမှာ ဝန်ကြီးချုပ်က ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။
အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့အနေနဲ့ မော်တော်ယာဉ်လိုင်းတွေတင် မဟုတ်ဘဲ ရန်ကုန်တိုင်း အတွင်းက သယ်ယူပို့ဆောင်ရေးလုပ်ငန်းအားလုံးကို ထိန်းချုပ်သွားမှာ ဖြစ်ပါတယ်။
လက်ရှိ ရန်ကုန်မြို့တွင်းမှာ မော်တော်ယာဉ်လိုင်းပေါင်း ၃၅၀ ကျော် ယာဉ်အစီးရေ ၅ ထောင်ဝန်းကျင်နဲ့ အငှားယာဉ် တက္ကစီ ၅ သောင်းကျော် ပြေးဆွဲနေပါတယ်။
လာမယ့် ၃ လအတွင်း ဖွဲ့စည်းသွားဖို့ ဝန်ကြီးချုပ်က ညွှန်ကြားထားကြောင်း မထသ(မြို့တွင်း) ယာယီ ဥက္ကဌ ဦးမင်းဇော် က ပြောပါတယ်။ ဦးမင်းဇော် ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်း ထားပါတယ်။