လုပ်ခလစာ အပြည့်မရလို့ အလုပ်သမား ၁၀၀ ကျော် ဆန္ဒပြ


2017.12.06
maisha-myanmar-622.jpg Maisha Myanmar အထည်ချုပ်စက်ရုံက အလုပ်သမားတွေကို တွေ့ရစဉ်
ဓါတ်ပုံ - မတင်ဇာလင်း

ရန်ကုန်တိုင်း ဒဂုံမြို့သစ်အရှေ့ပိုင်းစက်မှုဇုန်က Maisha Myanmar အထည်ချုပ်စက်ရုံမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွက် လုပ်ခလစာ အပြည့်မရတာကြောင့် အလုပ်သမား ၁၀၀ ကျော်က ဒီနေ့ အလုပ်မဆင်းဘဲ ဆန္ဒပြကြပါတယ်။

အလုပ်သမားတွေက အချိန်ပိုတွေ လုပ်ခဲ့ပေမယ့် လစာထုတ်တဲ့အခါမှာ လစာတွေ အဖြတ်ခံထားရတယ်လို့ Maisha Myanmar အထည်ချုပ်စက်ရုံက အလုပ်သမ မတင်ဇာလင်း က ပြောပါတယ်။

"ဂရိတ်တွေလည်း တိုးပေးထားပြီးတော့ အရင်လ လစာထက်ကို အခုလလစာက နည်းနေတယ်၊ ပြီးတော့ OT တွေလည်း ဆင်းနေရတယ်၊ အိမ်ပြန်ချိန်တွေက တအားနောက်ကျတယ်၊ တနင်္ဂနွေတွေလည်း OT ခေါ် အဲလို OT တွေ ဆက်တိုက်ခေါ်နေတဲ့အခါကျတော့ ကလေးတွေလည်း ပင်ပန်းတယ်၊ လစာထုတ်တဲ့အခါကျတော့ လစာက သူတို့ပင်ပန်းသလောက်ရမလာဘူး၊ ဒီနေ့ အလုပ်မဆင်းတာ ၁၀၀ ကျော်လောက်ရှိတယ်၊ စက်ရုံထဲမှာ ကျန်ခဲ့တဲ့ အထဲမှာလည်း သူတို့တွေကို မပြောရဲ၊ မဆိုရဲလို့ ကြောက်ပြီး ကျန်ခဲ့တဲ့ကလေးတွေပဲပါတယ်၊ သူတို့ရဲ့ ဆန္ဒနဲ့နေခဲ့တဲ့ ကလေးတွေမဟုတ်ဘူး၊ စက်ရုံတွေက စက်ရုံထဲဝင်ပြီးသွားရင် အပြင်ကို လုံးဝပြန်ထွက်ခွင့် မပေးပါဘူး"

အရင်က လစာ ကျပ် ၁ သိန်း ၈ သောင်းလောက်ရတဲ့သူက အခု ၁ သိန်း ၆ သောင်းခွဲလောက်ပဲ ရတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။

အဲဒီစက်ရုံမှာ အလုပ်သမား ၁ ထောင်ဝန်းကျင်လောက်ရှိပြီး အားလုံးနီးပါးဟာ နိုဝင်ဘာလအတွက် လစာ အဖြတ်ခံရတာဖြစ်တယ်လို့ မတင်ဇာလင်း က ပြောပါတယ်။

ဒီနေ့ အလုပ်မဆင်းဘဲ ဆန္ဒပြတဲ့ အလုပ်သမားတွေရဲ့ကိုယ်စားလှယ် ၃ ဦးကို အလုပ်ရှင်ဘက်က စက်ရုံမှာ ခေါ်ယူညှိနှိုင်းခဲ့ပေမယ့် ပြေလည်မှုမရခဲ့ဘဲ အထည်စံချိန် မပြည့်မီလို့ ဖြတ်တောက်တဲ့ သဘောမျိုး စက်ရုံက ပြောတယ်လို့ မတင်ဇာလင်း က ပြောပါတယ်။

အလုပ်ရှင်/အလုပ်သမား ညှိနှိုင်းဖျန်ဖြေရေးရုံးကို တိုင်ကြားထားပြီး မနက်ဖြန် ထပ်မံတွေ့ဆုံဖို့ ချိန်းဆိုထားတယ်လို့ သိရပါတယ်။

Maisha Myanmar အထည်ချုပ်စက်ရုံဟာ ပြည်ပကိုတင်ပို့တဲ့အထည်တွေ ချုပ်လုပ်ရတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး စက်ရုံလည်ပတ်တာ ၆ လလောက် ပဲရှိသေးတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။