မလေးရှားက ချင်းဒုက္ခသည်စာသင်ကျောင်း စီးနင်းခံရပြီး ဆရာမငါးဦး ဖမ်းဆီးခံထားရ

RFA Burmese
2024.06.14
မလေးရှားက ချင်းဒုက္ခသည်စာသင်ကျောင်း စီးနင်းခံရပြီး ဆရာမငါးဦး ဖမ်းဆီးခံထားရ မလေးရှားနိုင်ငံ ကွာလာပီလာခရိုင်တွင် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများအား မလေးရှားအာဏာပိုင်အဖွဲ့မှ ဝင်ရောက်ဖမ်းဆီးခဲ့သည်ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့က တွေ့ရစဥ်။
Buletin TV3

မလေးရှားနိုင်ငံ၊ ဆလန်ပန်းမြို့က ချင်းဒုက္ခသည် စာသင်ကျောင်းနှစ်ကျောင်းကို ဇွန် ၁၃ ရက်နေ့မှာ မလေးရှားအာဏာပိုင်တွေက ဝင်ရောက်စီးနင်းခဲ့ပြီး အထောက်အထားမရှိတဲ့ မြန်မာနိုင်ငံသား ကျောင်းဆရာမငါးဦး ဖမ်းဆီးခံထားရတယ်လို့ မလေးရှား ချင်းဒုက္ခသည်ကူညီရေးအဖွဲ့ ဥက္ကဋ္ဌ ပေါလ်ငွန်နွဲထန်းက ပြောပါတယ်။

ကျောင်းနှစ်ကျောင်းက ဆရာမခြောက်ဦးနဲ့ ထမင်းချက်သားအမိနှစ်ဦး စုစုပေါင်း ရှစ်ဦး ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး သုံးဦးကို ပြန်လွှတ်ပေးခဲ့ပေမဲ့ ဆရာမငါးဦးကတော့ ဆက်လက်ဖမ်းဆီးခံထားရတယ်လို့ ပေါလ်ငွန်နွဲထန်းက ပြောပါတယ်။

“ဒုက္ခသည်ထဲက ဖွင့်ထားတဲ့ ချင်းကျောင်းနှစ်ကျောင်းမှာ ဝင်စီးတယ်။ တစ်ကျောင်းက ကျောင်းဆရာမနှစ်ယောက် ပါသွားတယ်။ နောက်တစ်ကျောင်းက ခြောက်ယောက် ပါတယ်။ အခုက မလွတ်သေးတဲ့သူ စုစုပေါင်း ငါးယောက် ကျန်သေးတယ်”

ကျန်နေတဲ့ဆရာမတွေ လွတ်လာနိုင်ဖို့အတွက်လည်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မလေးရှားရုံးနဲ့ချိတ်ဆက်ပြီး ဆောင်ရွက်နေသလို မလေးရှား အာဏာပိုင်တွေနဲ့လည်း ညှိနှိုင်းနေတယ်လို့ သူကဆိုပါတယ်။

ဇွန် ၁၂ ရက်နေ့ကလည်း မလေးရှားနိုင်ငံ ကွာလာပီလာ (Kuala pilah) ခရိုင်ထဲမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၂၄ ဦးကို ဖမ်းဆီးခဲ့တယ်လို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။

RFA က ပြုစုထားတဲ့စာရင်းတွေအရ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းကနေ မေလကုန်ထိ မလေးရှားနိုင်ငံ ဂျိုဟိုး၊ နဂရီဆမ်ဘီလန်၊ ဆလန်ဂေါ၊ ဘူးကစ်ဘင်တန်း ပြည်နယ်တွေအပါအဝင် နေရာတော်တော်များများမှာ မြန်မာနိုင်ငံသား တစ်ထောင်ကျော် ဖမ်းဆီးခံထားရပါတယ်။

UNHCR မလေးရှားရုံးရဲ့ ၂ဝ၂၄ ခုနှစ် ဧပြီလကုန်အထိ စာရင်းတွေအရ မလေးရှားနိုင်ငံကတစ်ဆင့် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူ နှစ်သိန်းနီးပါး (၁၉၀,၀၀၀) ရှိတဲ့အထဲမှာ ၁၆၀,၀၀၀ ကျော်က မြန်မာနိုင်ငံသားတွေဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။