နိုင်ငံသား ဟုတ်မဟုတ် စိစစ်ပြီးမှသာ CI ထုတ်ပေးမည်


2017.12.13
malaysia-workers-622.JPG မလေးရှားနိုင်ငံကနေ မြန်မာအလုပ်သမား ၁၃ဝ ကျော် ရန်ကုန်မြို့ကို ၂ဝ၁၆ ခုနှစ် သြဂုတ်လ ၈ ရက်ညပိုင်းက ပြန်လည်ရောက်ရှိလာစဉ်
Photo: Aung Thain Kha /RFA

မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လာလိုသူတွေအနေနဲ့ သက်သေခံလက်မှတ် CI လျှောက်ထားရာ မှာ မြန်မာနိုင်ငံအလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနကနေ နိုင်ငံသားစိစစ်ပြီးမှသာ သက်သေခံလက်မှတ် CI တွေ ထုတ်ပေးတော့မှာ ဖြစ်တယ်လို့ မလေးရှားနိုင်ငံ မြန်မာသံရုံးက ဒီကနေ့ ကြေညာ ချက်ထုတ်ပြန်လိုက်ပါတယ်။

အရင်က သက်သေခံ လက်မှတ်တွေကို နေ့ချင်းပြီးထုတ်ပေးနေရာကနေ ဒီနေ့ကစပြီး ချက်ချင်းထုတ်မပေးတော့ ဘူးလို့ မလေးရှားနိုင်ငံ မြန်မာသံရုံး အတွင်းဝန် ၁ ဦးသက်ဇော်တိုး က ပြောပါတယ်။

"ကျနော်သိသလောက်က မနေ့က ညနေလောက်ကမှ ကျနော်တို့ဆီကို ညွှန်ကြားချက်က ရောက်လာတာပါခင်ဗျ၊ သူတို့ရဲ့ညွှန်ကြားချက်နဲ့အညီ ဒီနေ့ကနေ စပြီးလုပ်တယ်ပေါ့၊ ပုံမှန်ကတော့ ကျနော်တို့ က နေ့ချင်းအပြီး ပေးနေတာလေ"

မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI နဲ့ မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လာကြသူတွေကို CI မှာဖော်ပြထားတဲ့ အချက်အလက်တွေနဲ့ ရန်ကုန်လေဆိပ်မှာ တိုက်စစ်ပြီး ပြည်ဝင်ခွင့်ပြုရာမှာ တချို့တွေက ဖော်ပြထားတဲ့ နေရပ်လိပ်စာတွေမှာ နေထိုင်ခြင်းမရှိတာ၊ ကိုယ်ရေးအချက်အလက်တွေကို မှန်မှန်ကန်ကန် မဖြေဆိုနိုင်တာတွေကို တွေ့ရှိရတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက အကြောင်းကြားလာကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဲဒါကြောင့် လျှောက်ထားလာသူတွေရဲ့ အချက်အလက်တွေကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဌာနဆီကို ပေးပို့ကာ မြန်မာနိုင်ငံသားမှန်ကန်မှု ရှိ/မရှိ စစ်ဆေးပြီး၊ မှန်ကန်ကြောင်း ပြန်ကြားလာ သူတွေကိုသာ သက်သေခံလက်မှတ်တွေ ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားအပါအဝင် နိုင်ငံခြားသား တရားမဝင် လုပ်သားတွေအနေနဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားထွက်ခွာကြဖို့လည်း မလေးရှားအစိုးရ ဘက်က ကြေညာထားတယ်လို့ ကပုန်း ၇ ရက် သားသမီး လူမှုကူညီရေးအသင်းက  ဦးဆန်းဝင်း က ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၉ ရက်နဲ့ ၁ဝ ရက်နေ့တွေတုန်းကလည်း စက်ရုံတစ်ခုက နိုင်ငံခြားသား အလုပ်သမား ၁၀၀ ကျော်ကို ဖမ်းဆီးသွားရာမှာ မြန်မာအလုပ်သမား အများစုပါဝင်သွားတယ်လို့ ပြောပါတယ်။

မလေးရှားနိုင်ငံမှာ လက်ရှိအလုပ်လုပ်ကိုင်နေတဲ့ တရားမဝင် မြန်မာလုပ်သား ၄ သိန်းနီးပါးလောက် ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။