ANP ပါတီ အစိုးရဖွဲ့ခွင့် မရလို့ မာန်အောင်မြို့ခံ ၂၀၀ ဆန္ဒပြ


2016.04.11
manaung-protest-620.jpg ANP ပါတီရဲ့ ကြေညာချက်ကို ထောက်ခံကြောင်း ဧပြီလ ၁၁ ရက်နေ့က မာန်အောင်မြို့မှာ ဆန္ဒပြကြစဉ်
Photo: ကိုဝင်းနိုင်ဦး/ မာန်အောင်

ရခိုင်ပြည်နယ်မှာ အမတ်နေရာ အများဆုံးအနိုင်ရရှိခဲ့တဲ့ ရခိုင်အမျိုးသားပါတီကို အစိုးရဖွဲ့စည်းခွင့် မပေးဘဲ နေရာ အနည်းစုသာအနိုင်ရခဲ့တဲ့ NLD ပါတီကိုသာ အစိုးရအဖွဲ့ကို ဦးဆောင် ဖွဲ့စည်းခွင့်ပြုခဲ့တာကို ကန့်ကွက်ကြောင်း မာန်အောင်မြို့မှာ လူ ၂၀၀ လောက်က ဒီနေ့ ဆန္ဒပြကြပါတယ်။

ပြည်နယ်အစိုးရကို ဦးဆောင်နိုင်ဖို့အတွက် ရခိုင်အမျိုးသားပါတီကို လွှဲပေးစေချင်တယ်လို့ ဆန္ဒပြပွဲ ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ဦးဝင်းနိုင်ဦးကပြောပါတယ်။

"ရခိုင်အမျိုးသားပါတီက ဦးဆောင်ဖွဲ့စည်းမယ့် ပြည်နယ်အစိုးရအဖွဲ့ကိုပဲ ပြည်သူတွေက ဆန္ဒရှိပါတယ်၊ လက်ရှိ အာဏာက NLD အစိုးရကပဲ လုပ်ပိုင်ခွင့်ရှိတယ်ဆိုတော့ ရခိုင်ပြည်သူတွေရဲ့ဆန္ဒကို အလေးထားမယ်ဆိုရင် ပြန် သုံးသပ်ပြီးတော့ ရခိုင်ပြည်နယ်အစိုးရကို တာဝန်တွေ လုပ်ပိုင်ခွင့်တွေ ပေးစေချင်တယ်ပေါ့"

ရခိုင်အမျိုးသားပါတီက ထုတ်ပြန်ထားတဲ့ ပြည်နယ်အစိုးရ အဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခွင့် ရရှိရေး ကြေညာချက်တွေ ကို ထောက်ခံကြောင်းနဲ့ အစိုးရအနေနဲ့ ရခိုင်ပြည်သူလူထုရဲ့ ဆန္ဒသဘောထားကို အသိအမှတ်ပြုပေးဖို့ကို လည်း တောင်းဆိုကြပါတယ်။

ဆန္ဒပြသူတွေဟာ မနက် ၈ နာရီလောက်မှာ မာန်အောင်မြို့အဝင် အနောက်စုရပ်ကွက်ကနေ စတင်ပြီး မြို့ကိုလှည့်ပတ်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီကနေ ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၂၃ နေရာအထိ အများဆုံးအနိုင်ရရှိခဲ့ပေမယ့် ပြည်နယ် ဝန်ကြီးချုပ်နေရာနဲ့ ပြည်နယ်အစိုးရအဖွဲ့ကို NLD ပါတီက ဦးဆောင်ဖွဲ့စည်း ခဲ့တာဖြစ်ပါတယ်။ ဖွဲစည်းပုံ အခြေခံဥပဒေအရ တိုင်း နဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေကို နိုင်ငံတော်သမ္မတက တိုက်ရိုက် ခန့်အပ်ပိုင်ခွင့်ရှိတာဖြစ်ပါတယ်။

ရခိုင်အမျိုးသားပါတီက ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခွင့်ရရှိဖို့အတွက် စစ်တွေ၊ မောင်တော၊ မြောက်ဦး ၊ ပေါက်တော၊ မင်းပြားစတဲ့မြို့နယ်တွေမှာလည်း တောင်းဆိုဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။