မန္တလေး NLD ဒေါ်အောင်ဆန်းစုကြည်မွေးနေ့နှင့် မြန်မာ အမျိုးသမီးများနေ့ ဂုဏ်ပြုပွဲကျင်းပ
2012.06.19
ဒီအခမ်းအနားအကြောင်းကို အခမ်းအနား အစီအစဉ်ကြေညာသူ အင်န်အယ်လ်ဒီ မန္တလေးတိုင်း ဥပဒေပြုအဖွဲ့ဝင် မရွက်နုအောင်က အခုလိုပြောပြပါတယ်။
"မနက် ၉ နာရီမှာ သံဃာတော်တွေကို ဆွမ်းကပ်ပါတယ်။ အဲဒါပြီးတော့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့နဲ့ မြန်မာ အမျိုးသမီး များနေ့ ဂုဏ်ပြုပွဲ အစီအစဉ် ပြုလုပ်ပါတယ်။ ကျွန်မတို့ အစီအစဉ် ကြေညာတဲ့ လူကအစ အစီအစဉ်မှာ ပါဝင်တဲ့ လူအားလုံး အမျိုးသမီးတွေချည်းပါပဲ။ မြို့နယ် တစ်ခုချင်းစီအလိုက် အမျိုးသမီးငယ်တွေကနေ ကဗျာတွေ ဖတ်ကြပါတယ်။ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတ္ထုပ္ပတ္တိတွေလည်း ဖတ်ပါတယ်။ နောက် ကဗျာဆရာမတွေ ကလည်း သူတို့ရဲ့ အတ္ထုပ္ပတ္တိတွေ ဖတ်ပြီးတော့ စာပေဟောပြော ပွဲတွေ ကျင်းပတယ်"
အဲဒီ အခမ်းအနားကို တိုင်းအင်န်အယ်လ်ဒီ အမျိုးသမီး ခေါင်းဆောင် ဒေါ်ဝင်းမြမြကလည်း အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ ဟောပြောတယ်လို့ သိရပါတယ်။
အခုလို အမျိုးသမီးတွေချည်း ဦးဆောင်ကျင်းပရတာဟာ အမျိုးသမီးတွေရဲ့စွမ်းရည်ကို ဖော်ပြချင်တာကြောင့် ဖြစ်တယ်လို့ သူက ဆက်လက်ပြောပြပါတယ်။
"ကျွန်မတို့ရဲ့ ခေါင်းဆောင်ကလည်း အမျိုးသမီး တစ်ဦး ဖြစ်တဲ့အပြင် ဒီခေါင်းဆောင်ကလည်း စွမ်းအင် အင်မတန်ပြည့်ဝတဲ့ ခေါင်းဆောင်တစ်ယောက် ဆိုတာကို ကျွန်မတို့ အမျိုးသမီးငယ်လေး တွေကနေပြီးတော့ အသိအမှတ်ပြုပြီးတော့ အားကျဂုဏ်ယူပြီးတော့ မွေးနေ့ပွဲ ကျင်းပခြင်း ဖြစ်ပါတယ်"
မန္တလေး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ရောက်တိုင်း နှစ်စဉ်အခမ်းအနားတွေ ကျင်းပလေ့ရှိပါတယ်။ အမျိုးသမီးတွေ ဦးဆောင်ပြီးတော့ ကျင်းပတာ ဒီနှစ် ပထမဆုံး အကြိမ်လို့ သိရပါတယ်။
အလားတူပဲ ဒီနေ့ ၆၇ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အနေနဲ့ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် အင်န်အယ်လ်ဒီရုံးမှာ သံဃာတော်များ အား ဆွမ်းကပ်လှူဒါန်းပြီး အဖွဲ့ချုပ်ဝင်တွေက စစ်ပြေးဒုက္ခသည်တွေကို ကူညီထောက်ပံ့မှုတွေ ပေးအပ်ခဲ့တယ်လို့ မိုးကောင်း အင်န်အယ်လ်ဒီ အဖွဲ့ဝင်တစ်ယောက်က အခုလို ပြောပြ ပါတယ်။
"ကျွန်တော်တို့ မိုးကောင်းမြို့နယ် ဥက္ကဋ္ဌ ဦးကျော်ခင်နဲ့ မိုးကောင်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ခင်ကြည်က အမှာစကားပြော တယ်။ နောက်ပြီးတော့ ဒုက္ခသည်စခန်း ၃ ခုကို၊ တစ်ခုကို ဆန်အိတ် ၂၀ စီ၊ ဆား ၈ ပိဿာစီနဲ့ ငွေလေးသောင်းစီ လှူဒါန်းတယ်ဗျ။ ဒုက္ခသည်တွေက ဆားမှော်အရှေ့တောင် ဘက်ကနေ လာခဲ့တဲ့ ဒုက္ခသည်တွေဗျ။ စခန်း ၃ ခုဖွင့်ထားတယ်။ စခန်းတစ်ခုမှာ ၆၀ လောက်ရှိတယ်။ ပြီးတော့မှ ပြည်တွင်းငြိမ်းချမ်းအောင် ၁၀ မိနစ်လောက် ငြိမ်သက်စွာ ဆန္ဒပြုပြီးတော့မှ အခမ်းအနား ပြီးဆုံး တယ်ပေါ့"
အဲဒီအခမ်းအနားမှာ မြို့နယ်အတွင်းက ပြည်သူလူထု ၅၀၀ လောက် တက်ရောက်တယ်လို့ သိရပါတယ်။ မိုးကောင်းမြို့နယ် အင်န်အယ်လ်ဒီ က ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အခမ်းအနားကို မကျင်း ပနိုင်တာ နှစ်အတော်ကြာပြီဖြစ်ပြီး အခု ဒီနှစ်မှ ပြန်လည် ကျင်းပနိုင်တာ ဖြစ်ပါတယ်။