ရေပူကျောင်း ဆရာတော်အမှုု တိုင်းဝန်ကြီးချုပ် ညှိနှိုင်းပေးမည်
တရားမဝင်သစ်သိမ်းဆည်းမှု၊ တရားမဝင်ကျောက်မျက်တူးဖော်မှုတို့နဲ့ တရားစွဲဆိုခံထားရတဲ့ ရေပူကျောင်းတိုက် ဆရာတော်အမှုကိစ္စတွေကို သာသနာရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားလိုက် ပါတယ်။
-
2016-05-15 -
-
-
တရားမဝင်သစ်သိမ်းဆည်းမှု၊ တရားမဝင်ကျောက်မျက်တူးဖော်မှုတို့နဲ့ တရားစွဲဆိုခံထားရတဲ့ ရေပူကျောင်းတိုက် ဆရာတော်အမှုကိစ္စတွေကို သာသနာရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားလိုက်ပါတယ်။
မိုးကုတ်မြို့မှာရှိတဲ့ ရေပူကျောင်းတိုက်ကို မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် မနေ့က သွားရောက်လေ့လာခဲ့ပြီး ဆရာတော်ရဲ့ ဒကာ၊ ဒကာမတွေ၊ အရပ်ဘက်အဖွဲ့တွေ၊ မြို့မိမြို့ဖတွေနဲ့ တွေ့ဆုံ စဉ်ပြောကြားခဲ့တာဖြစ်တယ်လို့ မိုးကုတ်မြို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုစိုးဌေးက ပြောပါတယ်။
"ဆရာတော်နဲ့ပတ်သက်တဲ့ အချက်အလက်အထောက်အထားတွေပါ့ ပေးလိုက်တော့ သူ့အနေနဲ့လည်း သန်ဘက်ခါ သူရဦးအောင်ကိုဆီကို သူပို့ပေးပါမယ်တဲ့၊ ဆရာတော်နဲ့ပတ်သက်ပြီးတော့ ဆောင်ရွက်ပေးပါ့ မယ် အဲ့လိုတော့ ပြောသွားတယ် နှုတ်ကတိပေါ့လေ၊ ဆရာတော့ ဘုရားတည် ကျောင်းဆောက် ဖို့ ဆောင်ရွက်တဲ့အချိန်မှာပေါ့လေ ပုံစံထုတ်ထားတာရှိလားပေါ့လေ၊ ဥပမာ ကျောင်းပုံစံမျိုးလုပ်ထားတာ ရှိသလားလို့မေးတယ်၊ ကျနော်တို့က ရှိတယ်ဆိုပြီးတော့ ဒီအထောက်အထားတွေ ဝန်ကြီးချုပ်ဆီပေး လိုက်တယ်၊ ဆရာတော်ကို ဖမ်းဆီးတာက ၆ လပိုင်း ၉ ရက်နေ့မှာဖမ်းတယ်၊ ကျောင်းပုံစံနဲ့ ဘုရားပုံစံ ထုတ်ထားတာက ၄ လပိုင်းကတည်းက ထုတ်ထားတာနော်၊ အဲ့ဒီတော့ ဝန်ကြီးချုပ်က ဒါဆိုရင် သြော်ဒါဆိုရင် ပုံစံတောင်ထုတ်ထားတာ ၂ လလောက်စောတာပဲလို့ အဲ့လိုတောင်ပြောသွားတယ်"
ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြီးခဲ့တဲ့ သောကြာနေ့က မိုးကုတ်မြို့ ဒေသခံတွေနဲ့ မဏိရတနာခန်းမ မှာ တွေ့ဆုံခဲ့ပြီး ရေပူကျေးရွာက ဒေသခံတွေနဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ ဖိတ်ခေါ်ချက်အရ ရေပူကျောင်းတိုက်ကို သွားရောက်လေ့လာတာဖြစ်ပါတယ်။
ဆရာတော်လွတ်မြောက်ရေးအတွက် မိုးကုတ်မြို့ အရပ်ဘက်လူမှုအဖွဲ့အစည်း ၁၆ ဖဲ့ွက သာသနာရေးဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာနတု့ိနဲ့ ညှိနှိုင်းဆောင်ရွက်ဖိ့ု စေ့စပ်ညှိနှိုင်းရေးအဖွဲ့ကို ဒီကနေ့ ဖွဲ့စည်းလိုက်ပါတယ်။
ရေပူကျောင်းတိုက် ဆရာတော်ကို ပြီးခဲ့တဲ့နှစ် ဇွန်လ ၉ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး တရားမဝင်ကျောက်မျက်တူးဖော်မှု၊ သာသနာညိုးနွမ်းစေမှု၊ တရားမဝင်သစ်သိမ်းဆည်းမှုတို့နဲ့ တရားစွဲဆိုခဲ့ပြီး သာသနာညိုးနွမ်းစေမှုပုဒ်မနဲ့ စွဲဆိုထားတာကိုတော့ ပလပ်ထားပါတယ်။
လာမယ့် မေလ ၁၈ ရက်နေ့မှာ တရားမဝင်သစ်သိမ်းဆည်းမှုနဲ့ ဆရာတော်ကို အပြီးသတ် အမိန့်ချမှတ်ဖြစ်ပါတယ်။