ဆန္ဒပြပွဲ ဗီဒီယိုခွေ လက်ဝယ်ရှိသူ တစ်ဦး ဖမ်းဆီးခံရ


2015.07.24
yaypu-620 မိုးကုတ်မြို့ ရေပူကျောင်းတိုက် ဆရာတော် ဦးဣန္ဒကကို ပြင်ဦးလွင်ခရိုင်တရားရုံးမှာ ဇူလိုင်လ ၁၇ ရက်နေ့က ရုံးထုတ်စဉ်
Photo: Hste Paing Toe/RFA

မိုးကုတ်မြို့နယ် ရေပူကျောင်းတိုက်ဆရာတော် လွတ်မြောက်ရေးအတွက် ဒေသခံတွေရဲ့ ဆန္ဒပြတောင်းဆိုပွဲကို ဗီဒီယိုဖိုင်ရိုက်ကူးပြီး အခွေထုတ်ထားတဲ့ တောင်သူလယ်သမားနဲ့ အလုပ်သမားအရေးဆောင်ရွက်သူ ဦးကျော်ဆွေလတ်ကို လယ်ဝေးမြို့နယ်ရဲစခန်းက ဗီဒီယိုအက်ဥပဒေပုဒ်မ ၃၂ (ခ) နဲ့ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

အဲ့ဒီ ဆန္ဒပြပွဲအခွေကို "ပတ္တမြားမြေမှ သာသနာ့တိုက်ပွဲ"ဆိုတဲ့ နာမည်ပေးပြီး မှတ်တမ်းအဖြစ် သိမ်းထားတာကို ဇူလိုင် ၁ဝ ရက်နေ့မှာ ဦးကျော်ဆွေလတ်ရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေပြီး ဖမ်းဆီးသွားတာလို့ တောင်သူ လယ်သမား၊ အလုပ်သမားအရေး ကူညီဆောင်ရွက်သူများအဖဲ့ွ (အထက်မြန်မာပြည်) အဖွဲ့ဝင် ဦးမျိုးဝေ က ပြောပါတယ်။

"မိုးကုတ် ရေပူကျောင်းဆရာတော်ကို လွတ်မြောက်ရေးအတွက်ကို ဆန္ဒပြတော့ ကျနော်တို့တစ်ဖွဲ့လုံးပေါ့နော် ကျနော်တို့ သွားပြီးအားဖြည့်ပေးခဲ့တယ်၊ အဲ့ဒီမှာ သူကဗီဒီယို ရိုက်ခဲ့တယ်ဗျာ၊ အဲ့ဒီဗီဒီယိုနဲ့ နေပြည်တော်မှာ သူကအခွေလေးဖြစ်ဖြစ် မှတ်တမ်းတင်တဲ့အခွေပေါ့လေ၊ နေပြည်တော်ရဲရယ်၊ နောက်တစ်ခါ နေပြည်တော် ဗီဒီယိုကင်မရာအက်အဖွဲ့ပေါ့လေ သူတို့ကဖမ်းတာပေါ့၊ ၁ဝ ရက်နေ့ ညနေ ၅ နာရီလောက်မှာဖမ်းတာ ၊ ခေါင်းစဉ်ကတော့ ဗီဒီယိုအက်ဥပဒေပေါ့နော် သူကနေပြီးတော့ ခေါင်းစဉ်တပ်ထားလိုက်တာ  "ပတ္တမြားမြေမှ သာသနာ့တိုက်ပွဲ" ဆိုပြီးတော့ ဦးကျော်ဆွေလတ် ကရေးတာ"

ဗီဒီယိုအက်ဥပဒေပုဒ်မ ၃၂ (ခ)ဟာ ဆင်ဆာမပါတဲ့ ဗီဒီယိုတိပ်ခွေကို လက်ဝယ်ထားရှိမှုဖြစ်ပြီး ပြစ်မှုထင်ရှားရင် အများဆုံး ထောင်ဒဏ် ၃ နှစ် သို့မဟုတ် ငွေဒဏ် ကျပ် တစ်သိန်း ချမှတ်နိုင်တယ်လို့ သိရပါတယ်။

ဦးကျော်ဆွေလတ်ကို နေပြည်တော် ဗီဒီယိုဆင်ဆာအဖွဲ့ ဒုဥက္ကဌ ဦးဇော်မင်းထက်က တရားလိုလုပ်ပြီး တရားစွဲဆိုထားတာလို့ သိရပါတယ်။ လက်ရှိ ဦးကျော်ဆွေလတ်ကို လယ်ဝေးမြို့နယ် ရဲစခန်းအချုပ်မှာ ဖမ်းဆီးထိန်းသိမ်းထားပြီး လာမယ့် သြဂုတ်လ ၄ ရက်နေ့မှာ ထပ်မံစစ်ဆေးမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။