ရေပူဆရာတော် လွတ်ပြီ


2016.05.19
yaypu-monk-620.jpg ပြင်ဦးလွင်ခရိုင်တရားရုံးက အမှုပိတ်သိမ်းပြီး လွှတ်မြောက်လာတဲ့ ရေပူဆရာတော် ဦးဣန္ဒက ကို မေလ ၁၉ ရက်နေ့က တွေ့ရစဉ်
Photo: Hset Paing Toe/RFA

ပုဒ်မ ၃ ခုနဲ့ တရားစွဲခံခဲ့ရတဲ့ မိုးကုတ်မြို့က ရေပူဆရာတော် ဦးဣန္ဒက ကို နောက်ဆုံးကျန်နေတဲ့ တရားမဝင် ကျောက်မျက်တူးဖော်တဲ့အမှုကို ပြင်ဦးလွင်ခရိုင်တရားရုံးက အမှုပိတ်သိမ်းလိုက်ပြီး ဒီကနေ့ အပြီးသတ် လွှတ်ပေးခဲ့ပါတယ်။

ထောင်ထဲမှာ ၁၁ လကျော်ကြာနေခဲ့ရပြီး တရားရင်ဆိုင်ခဲ့ရတဲ့အတွက် နစ်နာခဲ့ရတယ်လို့ ရေပူဆရာတော်က မိန့်ကြားပါတယ်။

"အခု ဘုန်းကြီးဆိုရင် ပုဒ်မ ၃ ခုနဲ့ အစွဲခံရတယ်၊ ပုဒ်မ ၂၉၅ သာသနာညှိးနွမ်းက တရားရှင်လွှတ်တယ်၊ အခု ကျောက်မျက်အမှုက အပြီးပြတ်လွှတ်လိုက်တယ်၊ နောက်သစ်မှုက ဒဏ်ငွေနှစ်သောင်းနဲ့ လွှတ်လိုက်တယ်၊ ဒါပေမဲ့ ဘုန်းကြီးထောင်ထဲမှာ ၁၁ လနဲ့ ၁ဝ ရက်ကြာပါတယ်၊ အဲ့သလို နစ်နာမှုတွေမရှိအောင် သက်ဆိုင်ရာ တရားစွဲတဲ့ အဖွဲ့အစည်းတွေဟာ တရားစွဲတဲ့အခါမှာ အသေအချာစိစစ်ပြီးမှ တရားစွဲဆိုမှုကို လုပ်သင့်ပါတယ်"

ရေပူဆရာတော်ဟာ သူ့ရဲ့ကျောင်းဝင်းအတွင်းက တောင်စောင်းတွေကို မြေညှိခဲ့လို့ တရားမဝင် ကျောက်မျက် တူးဖော်မှု ပုဒ်မ ၄၁ (က) နဲ့ (ခ) အရ မိုးကုတ်မြို့နယ် ကျောက်မျက်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်ရှိန်း က တရားလိုလုပ်ပြီး တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

တရားရုံးချိန်းပေါင်း ၅၇ ချိန်းမြောက်မှာတော့ ဆရာတော်နဲ့အတူ လူပုဂ္ဂိုလ် ၄ ဦးတို့ကို တရားလို ဦးမောင်မောင်ရှိန်း ဘက် က အမှုကို ရုပ်သိမ်းလိုက်တာဖြစ်ပါတယ်။

ဆရာတော်ဟာ တရားမဝင် ကျောက်မျက်တူးဖော်မှုအပြင် သာသနာညှိနွမ်းစေမှု ပုဒ်မ ၂၉၅ ၊ တရား မဝင်သစ်တွေ သိမ်းဆည်းထားမှု ၄၂ (ခ) စတဲ့ ပုဒ်မ ၃ ခုနဲ့ မန္တလေး အိုးဘိုအကျဉ်းထောင်မှာ တစ်နှစ် နီးပါး တရားရင်ဆိုင်ခဲ့ရ တာဖြစ်ပြီး အဲဒီအမှုတွေကိုလည်း ပလပ်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ် ဇွန်လ ၉ ရက်နေ့ကတည်းက လူဝတ်လဲခံထားရတဲ့ ရေပူဆရာတော်ဟာ ဒီကနေ့ လွတ်လွတ်ချင်း မှာပဲ ပြင်ဦးလွင်မြို့က ရွှေစေတီကျောင်းတိုက်မှာ သင်္ကန်းပြန်စည်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။