ကျန်ရှိနိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ ကျောင်းသားတွေ ဆန္ဒပြတောင်းဆို
2016.04.28

အမှုရင်ဆိုင်နေရဆဲဖြစ်တဲ့ မိုးကုတ်မြို့က ရေပူဆရာတော် ဦးဣန္ဒကနဲ့ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ မန္တလေးခရိုင် ကျောင်းသားသမဂ္ဂများအဖွဲ့က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဒီကနေ့ ပြင်ဦးလွင်ခရိုင် တရားရုံးမှာ ရေပူဆရာတော်ကို ရုံးထုတ်စဉ် မန္တလေးခရိုင် ကျောင်းသားသမဂ္ဂများအဖွဲ့က ဆန္ဒပြတောင်းဆိုကြတာဖြစ်ပါတယ်။ သူတို့ တောင်းဆိုချက်ကို ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုရဲရင့်ပိုင်မှူး က အခုလို ပြောပါတယ်။
"အစိုးရသစ်အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို အမြန်ဆုံးလွှတ်ပေးဖို့ အခက်အခဲရှိမယ်ဆိုတာ ကျနော်တို့လည်းတွေးမိပါတယ်၊ ဒါပေမဲ့ ကျနော်တို့ဘက်ကလည်း တတ်နိုင်သမျှအမြန်ဆုံး လွှတ်ပေးဖို့တောင်း ဆိုတာပါ၊ ကျနော်တို့က အစိုးရသစ်ကို ဖိအားပေးတာ မဟုတ်ပါဘူး"
ရေပူဆရာတော်ကို သာသနာညှိနွမ်းစေမှု ပုဒ်မ ၂၉၅၊ တရားမဝင်ကျောက်မျက်တူးဖော် မှု ၄၁ (က) (ခ) ၊ တရားမဝင်သစ်တွေ သိမ်းဆည်းထားမှု ၄၂ (ခ) စတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုထားတာဖြစ်ပြီး အဲ့ဒီ သုံးမှုထဲက သာသနာညှိနွမ်းမှု ပုဒ်မကို ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့က ပြင်ဦးလွင်မြို့နယ် တရားရုံးကနေ ပြန်ရုပ်သိမ်း လိုက်ပါတယ်။
တစ်ပြည်လုံးက အကျဉ်းထောင်တွေမှာ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသား တစ်ရာကျော် ကျန်နေသေး တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP က ထုတ်ပြန်ထားပါတယ်။