မံစီမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှု လေးရက်အတွင်း အရပ်သား ၁၁ ဦး သေဆုံး

RFA Burmese
2024.02.21
မံစီမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှု လေးရက်အတွင်း အရပ်သား ၁၁ ဦး သေဆုံး ကချင်ပြည်နယ်၊ မံစီမြို့နယ် စီခမ်းကြီးရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးနေသည်ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ကချင်ပြည်နယ်၊ မံစီမြို့နယ် စီခမ်းကြီးရွာကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၇ ရက်နေ့ကစပြီး ၂၀ ရက်နေ့ အထိ လေးရက်ဆက်တိုက် လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁၁ ဦး သေဆုံးပြီး ၃၀ နီးပါး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။

စီခမ်းကြီးရွာက စစ်ကောင်စီ ဗျူဟာကုန်း တပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်း အဖွဲ့က ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာစတင် တိုက်ခိုက်ခဲ့ပြီး သုံးရက်အကြာမှာ တပ်ခစန်းကို သိမ်းယူနိုင်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ဘက်ကလည်း တိုက်ပွဲစဖြစ်ချိန်ကစပြီး လေးရက်ဆက်တိုက် လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာ ကြောင့် စီခမ်းကြီးရွာက ဒေသခံ ၁၁ ဦး သေဆုံးခဲ့တာလို့ စီခမ်းကြီးရွာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"မြေပြင်ကသူတွေ ပြောပြတာက ရွာထဲမှာ သေဆုံးနေတဲ့ ဒေသခံ ရုပ်အလောင်း ၁၁ လောင်း တွေ့ထားတယ်လို့ သိရပါတယ်။ စီခမ်းကြီးရွာ တစ်ရွာလုံးလည်း အပုပ်နံ့တွေနဲ့ ဖြစ်နေပြီ။ ရွာလည်း ရစရာမရှိအောင်ကို ပျက်စီး သွားပြီ။ ရွာထဲမှာ ရှင်းလင်းရေး လုပ်နေသေးတာကြောင့် ဒေသခံတွေကို KIA က ရွာကို ပြန်မလာခိုင်းသေးဘူး"

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဒေသခံ အယောက် သုံးဆယ်ကိုလည်း ကူညီကယ်ဆယ်ရေးအဖွဲ့တွေ က ဗန်းမော်ဆေးရုံကြီးကို ပို့ဆောင်ထားပေးတယ်လို့ ပြောပါတယ်။

သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေနဲ့ ပတ်သက်လို့ အသေးစိတ်ကို မသိရသေးပါဘူး။

ဒါ့အပြင် စီခမ်းကြီး၊ စီကော်၊ မလင်၊ သံတံတား၊ ပန်တိုင်း၊ နန့်အူကြီး စတဲ့ ရွာပေါင်းခြောက်ရွာက ဒေသခံ တစ်ထောင်ကျော်ဟာ မံစီမြို့နဲ့ ဗန်းမော်မြို့ဘက်ကို ထွက်ပြေးခိုလှုံနေတယ်လို့ ဆိုပါတယ်။

စီခမ်းကြီးရွာ စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းအဖွဲ့က စတင်တိုက်ခိုက်ချိန်ကစပြီး ဖေဖော်ဝါရီ ၂၀ ရက်နေ့ အထိ ဂျက်တိုက်ခိုက်ရေးယာဉ်နဲ့ Mi35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ကို အသုံးပြုပြီး အကြိမ် ၆၀ ထက်မနည်း လာရောက်တိုက်ခိုက်ခဲ့တယ်လို့ KIA က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ ကချင် ပြည်နယ် ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေဆိုတာ မရှိပါဘူး။

လက်ရှိအချိန်အထိ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသလို လုံခြုံစိတ်ချရတဲ့ အခြေအနေမရှိသေးတာကြောင့် ဒေသခံတွေကို ပြန်လာဖို့ ခွင့်မပြုသေးဘူးလို့ KIA ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ပြောပါတယ်။

"နယ်မြေရှင်းလင်းရေးတွေ အရင်လုပ်နေပါတယ်။ လောလောဆယ် စစ်ကောင်စီစခန်း ကျသွားပြီဆိုပေမဲ့ သူတို့ထောင်ထားခဲ့တဲ့ ဗုံးတွေရှိသေးတယ်။ ပြီးတော့ လေယာဉ်ကလည်း မနေ့ကအထိ သုံးကြိမ်လာပစ်တယ်။ လုံခြုံစိတ်ချရတဲ့ အခြေအနေ မရောက်သေးလို့ မပြန်ခိုင်းသေးတာပါ"

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား စစ်သုံ့ပန်း တချို့နဲ့ လက်နက်ခဲယမ်း သိမ်းဆည်းရမိခဲ့သလို နှစ်ဖက် အကျဆုံး ရှိပေမယ့် စာရင်းအတိအကျတော့ သတင်း ရောက်မလာသေးတာကြောင့် အရေအတွက်ကိုတော့ မပြောနိုင်သေးဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြေပါတယ်။

KIA နဲ့ ပူးပေါင်းအဖွဲ့က သိမ်းယူလိုက်တဲ့ စီခမ်းကြီးရွာက စစ်ကောင်စီတပ်စခန်းဟာ မြောက်ပိုင်းတိုင်း စစ်ဌာန ချုပ် လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ-၁၂၁၊ ခလရ-၂၇၆၊ ခလရ-၁၂၃နဲ့ ခလရ-၁၅ တို့ ပူးပေါင်း အထိုင်ချတဲ့ တပ်စခန်းလို့ ဆိုပါတယ်။

RFA ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ ကချင်ပြည်နယ် အပါအဝင် နိုင်ငံတစ်ဝန်းမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၁၄၂၉ ဦး သေဆုံးပြီး ၂၆၄၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။