ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား
2014.04.12
ကချင်ပြည်နယ် ဗန်မော်ခရိုင် မန်စီမြို့နယ် ပန်ခမ်းကျေးရွာ အုပ်စု နားလုံနဲ့ လဂါတ်ဒေါ့ကျေးရွာတွေ တစ်ဝိုက်မှာ အစိုးရတပ်မ ၈၈ လက်အောက်ခံတပ်တွေနဲ့ ကေအိုင်အေ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ တို့အကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့ရာ မနေ့ညက ကေအိုင်အေတပ်ရင်း ၂၇ ရဲ့ ပန်ခမ်းပါ အခြေစိုက်စခန်းကနေ ဆုတ်ခွာပေးလိုက်ရတယ်လို့ သိရပါတယ်။
တပ်ရင်း ၂၇ အခြေစိုက် ပန်းခမ်းပါစခန်း ဆုတ်ခွာပေးရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကေအိုင်အိုဌာနချုပ် လိုင်ဇာအခြေစိုက် အမည်မဖေါ်လိုတဲ့ ကေအိုင်အေ ဗိုလ်မှူးကြီးတစ်ဦးက အခုလို ပြောပါတယ်။
"မနေ့က နောက်ဆုံးအခြေအနေက မိုးချုပ်ခါနီးမှာ ပန်းခမ်းပါ ဆိုတဲ့နေရာမှာ ဆုတ်ခွာတယ်လို့ကြား တယ်၊ ထိခိုက်ဒဏ်ရာရတဲ့အပိုင်းကတော့ ဘာမှမကြားသေးဘူး၊ အစိုးရဖက်ကလည်း မကြားဘူး၊ ကျနော်တို့ အဖွဲ့အစည်းဖက်ကလည်း မကြားဘူး"
မြစ်ကြီးနားမြို့အခြေစိုက် ကေအိုင်အိုနည်းပညာအကြံပေး အလုပ်အဖွဲ့ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက ကေအိုင်အေတပ်ရင်း ၂၇ အခြေစိုက်စခန်းကို ဆုတ်ခွာပေးလိုက်ရတာ မှန်ကန်ကြောင်း ပြောပါတယ်။ ရက်အတော်ကြာဖြစ်ခဲ့တဲ့ အဲဒီတိုက်ပွဲတွေကြောင့် မန်စီမြို့နယ်က ထောင်နဲ့ချီတဲ့ ဒေသခံရှမ်းတိုင်းရင်းသားတွေဟာ တရုတ်ပြည်နဲ့ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ထဲက နီးစပ်ရာကျေးရွာတွေမှာ ထွက်ပြေးခိုလှုံနေကြရပါတယ်။
အဲ့ဒီစစ်ဘေးဒုက္ခသည်တွေကို မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်က ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီဝင်တွေက ဆန်နဲ့အခြေခံစားကုန်တွေကို ဒီနေ့သွားရောက်လှူဒါန်းပေးခဲ့ပါတယ်။