သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်လာမည်
2018.12.11
သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Marise Payne ဟာ မနက်ဖြန် ဒီဇင်ဘာလ ၁၂ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ မြန်မာပြည်ကိုလာရောက်မှာဖြစ်ပြီး ပြည်ထောင်အစိုးရဝန်ကြီးတွေအပြင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်း စုကြည်နဲ့လည်း တွေ့ဆုံဖို့ရှိတယ်လို့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ထုတ်ပြန်ပါတယ်။
ဒီခရီးစဉ်အတွင်းမှာ ရန်ကုန်၊ နေပြည်တော်နဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့တွေကို သွားရောက်မှာဖြစ်ပါတယ်။
သြစတြေးလျနိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်ပြဿနာအပေါ် ရှေရှည်အတွက်အဖြေရှာနိုင်ဖို့ လုပ်ဆောင်နေသလို အရင် ကလည်း ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်ရဲ့ရလာဒ်တွေနဲ့ အကြံပြုချက်တွေပါဝင်တဲ့ ရခိုင်ပြည်နယ် အခြေအနေတွေနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေကို ပြောဆိုထားတယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။
သူ့ရဲ့မြန်မာပြည်ခရီးစဉ်အတွင်း အစိုးရဝန်ကြီးတွေ၊ နိုင်ငံတကာလူသားချင်စာနာမှု မိတ်ဖက်အဖွဲ့တွေနဲ့တွေ့ဆုံပြီး မွတ်ဆလင် တစ်သိန်းသုံးသောင်းနီးပါးအတွက် အခြေခံလိုအပ်ချက်တွေကို သြစတြေးလျနိုင်ငံက ကူညီထောက်ပံ့နေ တဲ့ကိစ္စတွေကိုပါ ဆွေးနွေးသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။